Thursday 3 November 2011


တစ်ချောင်းတည်းသော စိတ်ရှိခြင်း

 အောင်မြင်သူတို့တွင် ရှိကြသည့် အလေ့အထ ကောင်းများကို လေ့လာကြည့်သည့်အခါ တစ်ချောင်းတည်းသော စိတ်ရှိခြင်းသည် သူတို့တွင် သိသာထင်ရှားသော လက္ခဏာတစ်ရပ်ဖြစ်ကြောင်း တွေ့ရှိရသည်။ ဘ၀ တွက် ဦးတည်ချက် ရည်မှန်းချက် တစ်ခု တိကျ ခိုင်မာစွာ ထားရှိလိုက်ပြီဆိုလျှင် ထို ဦးတည်ရာ ပန်းတိုင်သို့ အဖြောင့်တိုင်းလျှောက်လှမ်းသွားနိုင်မှသာ ရည်မှန်းချက် ထမြောက်အောင်မြင်မည် ဖြစ်၏။ထိုသည်ကို ရိုင်ဖယ် သေနတ်၏ နည်းစဉ်တိုင်းလိုက်သည် ဟု ဆိုနိုင်သည်။ပစ်မှတ်တစ်ခုတည်းကိုတည့်တည့်ချိန် ပြီးပစ်ထည့်လိုက်သည့်နည်း။တစ်နေရာတည်းတွင် စူးစိုက်ခြင်းသည် နိုင်ငံရေး၊စစ်ရေး၊ကုန်သွယ်ရေး စသည့် လူ့အရေးရာ နယ်ပယ်စုံတို့တွင် စွမ်းအားကြီးမားစေသည့်လူသိနည်းသော နည်းနာတစ်ရပ်ဖြစ်ပေသည်။
      လူအများစုတို့မှာ ရိုင်ဖယ်သေနတ်လိုတနေရာတည်းကို စူးစူးစိုက်စိုက် ချိန်ပြီးမပစ်။ငှက်အုပ်ထဲ မှန်းပြီးပစ်ထည့်လိုက်သည့် စရိတ်ကျည်သုံး နှစ်လုံးပြူးသေနတ်သမား ၏ နည်းကိုသာ သုံးကြသည်။ကျည်စေ့တွေ အများကြီး နှင့်ပစ်သောသူသည် ကံကောင်းလျှင် ပစ်မှတ် တခုခုကိုမှန်နိုင်သည်။သို့သော် ပြန့်ကျဲ ပြီးထွက်လာသော စရိတ်ကျည်သည် ရိုင်ဖယ်ကျည်လို အားမရှိ၊သားကောင်ကြီးကြီးကို မရနိုင်။
    နောက်ပြီးတရုတ် စကားပုံတစ်ခု ရှိသေးသည်။ “ အတတ်ပညာ အမျိုးမျိုး တတ်သော သူ ၏ မိသားစုများထမင်းငတ်ကြ၏” ဟုဖြစ်သည်။ဆိုလိုသည်မှာ အာရုံထွေပြားကာ ဘယ်သို့မှ စူးစိုက်မှု မရှိ၊ဘာတခုမှ ထိရောက်မအောင်မြင်ဟု ပြောခြင်းဖြစ်သည်။
    သည်ကမ္ဘာကြီး ကျောက်ခေတ်မှသည် ယနေ့ခေတ်ထိ တိုးတက်ဖွိ့ဖြိုးအောင် စွမ်းဆောင်ခဲ့ကြသူတွေ သည် လုပ်ငန်း နယ်ပယ် အသီး
သီးတွင် တစ်ချောင်းတည်းသော စိတ်ဖြင့် စူးစိုက် နစ်မြှပ်ခဲ့သူတွေ ချည်း ဖြစ်သည်။ပညာရပ်တိုင်း၊လုပ်ငန်း ကဏ္ဍတိုင်းတွင် အဆင့်မြင့်
သည်ထက် မြင့်ကာ အသေးစိတ်သည်ထက် စိတ်လာသည့် ယနေ့ခေတ်တွင် တစ်စုံတရာ တွင် အထူးမပြုသော သူသည် ထင်ရှားသော
တနေရာ သို့ ရောက်ရှိရန် မျှော်လင့်ချက် မရှိတော့...
      တစ်ခုတည်းသောစိတ်ကူး၊တိကျပြတ်သားသော ရည်မှန်းချက်၊တစ်ကဏ္ဍတည်းတွင် စူးစိုက်သည့် ထက်သန်ပြင်းပြ မှု တို့ဖြင့်သာ
ပြိုင်ဆိုင်မှု ပြင်းထန်သော ယနေ့လူ့ အသိုင်းအ၀ိုင်းထဲတွင် ပေါက်မြောက်အောင်မြင် သူတစ်ဦး ဖြစ်လာနိုင်ပေသည်။

No comments:

Post a Comment