သီရိလင်္ကာနှင့် မဟာဗောဓိ သမိုင်းအပိုင်းအစ
(သီရိလင်္ကာနိုင်ငံက  မဟာဗောဓိပင်အကြောင်းကို သိချင်ပါတယ်လို့ ညီမငယ်တစ်ယောက်က မေးလာတဲ့အတွက်  သမိုင်းကြောင်းတစ်ပိုင်းတစ်စကို တင်ပေးလိုက်ပါတယ်။  ဗောဓိပင်အကြောင်းပြောကြလျှင် ပြောစရာတွေကတော့ အများကြီးပါ။  နောက်အလျဉ်းသင့်ရင် ဆက်လက်ရေးသားတင်ပြပေးသွားပါမယ်။ အခုတော့ ဒီလောက်နဲ့ပဲ  ကျေနပ်လိုက်ပါလို့ ဆိုပါရစေ....)
 သမ္မတမဟိန္ဒ သီရိ မဟာဗောဓိပင်ကို ပူဇော်နေစဉ်
 သီရိ မဟာဗောဓိပင်သို့ အသွား
 သမ္မတမဟိန္ဒ မဟာဗောဓိပင်ကို ပူဇော်နေစဉ်
 လင်္ကာသူများ မဟာဗောဓိပင်ကို ပူဇော်နေကြပုံ
 သီရိ မဟာဗောဓိပင်
  သီရိ မဟာဗောဓိပင်
 သီရိ မဟာဗောဓိပင်
သီရိလင်္ကာနိုင်ငံအကြောင်း  ပြောကြလျှင် ဗုဒ္ဓဘာသာအကြောင်းကို ချန်လှပ်ထား၍ မရ၊  သီရိလင်္ကာဗုဒ္ဓဘာသာအကြောင်း ပြောကြလျှင် မဟာဗောဓိပင်ကို ချိန်လှပ်ထားခဲ့၍  မရနိုင်။ သီရိလင်္ကာဗုဒ္ဓဘာသာဝင်တို့သည် မဟာဗောဓိပင်ကို အသက်တမျှ တန်ဖိုးထား  ကိုးကွယ်ကြသည်။ သီရိလင်္ကာနိုင်ငံသားတို့၏ နှလုံးသားတွင်  ဗုဒ္ဓဘာသာအဆုံးအမတရားတော်များ အမြစ်တွယ်နေကြသကဲ့သို့  သီရိလင်္ကာနိုင်ငံမြေပေါ်တွင်လည်း မဟာဗောဓိပင်အမြစ်များက ခိုင်ခိုင်ခံ့ခံ့  နက်နက်ရှိုင်းရှိုင်း တွယ်ရစ်နေကြလေသည်။ သီရိလင်္ကာသားတို့သည် မဟာဗောဓိပင်ကို  သက်တော်ထင်ရှား မြတ်စွာဘုရားအလား ရိုသေကိုးကွယ်ကြသည်။ ပူဇော်ကြသည်။  မြတ်စွာဘုရားကို ထိလျှင် (စော်ကားလျှင်) ဗုဒ္ဓဘာသာဝင်တို့ နာကြသလို  သီရိလင်္ကာသားတို့က မဟာဗောဓိပင်ကို ထိလျှင် (စော်ကားလျှင်)  မြတ်စွာဘုရားရှင်ကို ထိသလို ခံစားကြရလေသည်။ သီရိလင်္ကာသားတို့ ဤမျှအထိ  မြတ်မြတ်နိုးနိုး တန်ဖိုးထား ကိုးကွယ်ကြသော မဟာဗောဓိပင်အကြောင်းကို စာရေးသူ  စိတ်ဝင်စားမိပါသည်။
သီရိလင်္ကာက  ဘုန်းကြီးကျောင်းတိုင်းတွင် ဗောဓိပင်များ ရှိကြသည်။ လူအများက  ညနေအခါရောက်တိုင်း နီးစပ်ရာ ကျောင်းသို့ ရောက်လာကြပြီး ဘုရားရှိခိုးကြသည်။  မဟာဗောဓိပင်ရှေ့ရောက်လျှင် သက်တော်ထင်ရှား မြတ်စွာဘုရားအလား  ရိုသေသမှုပြုကြသည်။ ၀ါဆိုချိန်နှင့် ကထိန်ရာသီရောက်လျှင် မဟာဗောဓိပင်ကို  ၀ါဆိုသင်္ကန်းများ၊ ကထိန်သင်္ကန်းများကိုလည်း ကပ်လှူကြသည်။ ထူးဆန်းသည်မှာ  ပုံမှန်လှူဒါန်းနေကျပုံစံမျိုးမဟုတ်ဘဲ သင်္ကန်းကို မဟာဗောဓိပင်စည်ကို ပတ်ပြီး  လှူဒါန်းကြခြင်း ဖြစ်ပါသည်။ သီရိလင်္ကာသားတို့ ဤမျှအထိ  တန်ဖိုးထားကိုးကွယ်ကြသော မဟာဗောဓိပင်၏ သမိုင်းကြောင်းကို လက်လှမ်းမီသမျှ  မျှဝေလိုပါသည်။
မူလမဟာဗောဓိပင်များ
အမှန်အားဖြင့်  မူလမဟာဗောဓိပင်သည် အိန္ဒိယနိုင်ငံ၊ ဘီဟာရ်နယ်မှ မြတ်စွာဘုရား ပွင့်တော်မူရာ  မဟာဗောဓိပင်သာ ဖြစ်ပါသည်။ သို့ရာတွင် ကမ္ဘာ့နေရာအနှံ့အပြားနှင့်  သီရိလင်္ကာနေရာအနှံ့အပြားတွင် တည်ရှိနေသော မထင်မရှား ဗောဓိပင်များနှင့်  သက်တမ်းအားဖြင့် မရှည်ကြာကြသေးသော ဗောဓိပင်များကို ထောက်ဆ၍ အထင်ရှားဆုံး  ဗောဓိပင်များကို မူလမဟာဗောဓိပင်ကြီးများဟု သတ်မှတ်ထားကြလေသည်။  သက်တမ်းရှည်ကြလှသော မူလမဟာဗောဓိပင်များဟု သတ်မှတ်ထားသော ဗောဓိပင်ကြီး  သုံးပင်ရှိသည်။ 
၎င်းတို့မှာ -
၁။  မြတ်ဗုဒ္ဓဘုရားဖြစ်တော်မူရာ မဟာဗောဓိပင်ကြီး။ မြတ်စွာဘုရားရှင်သည်  ဘုရားဖြစ်ပြီးနောက် ၇-ရက်ကြာအောင် ဗောဓိပင်ကို မမှိတ်မသုန်သောမျက်စိဖြင့်  ကြည့်ရှုတော်မူခဲ့သည်။ မြတ်စွာဘုရားရပ်တော်မူခဲ့သောနေရာကို ယခုအခါ  အနိမိသလောစနစေတီဟု တည်ထားကိုးကွယ်ကြသည်။ မဟာဗောဓိပင်အောက်တွင် အရင်ကတည်းက  တည်ရှိနေပြီး ပျက်စီးနေပြီဖြစ်သော ကျောင်းငယ်လေးကို အသောကမင်းလက်ထက်တွင်  ပြန်လည်တည်ဆောက်ခဲ့သည်။ အသောကမင်းလက်ထက်တွင် ဗောဓိပင်ပူဇော်သောဓလေ့က  ကျယ်ပြန့်လာခဲ့သည်။ နှစ်စဉ်နှစ်တိုင်း ပွဲတော်ကြီးများ  ကျင်းပပူဇော်ခဲ့ကြသည်။ ယနေ့အထိလည်း ကမ္ဘာအရပ်ရပ်မှ ဘုရားဖူးများ  လာရောက်ပူဇော်နေကြဆဲ ဖြစ်သည်။ 
၂။  ဒုတိယ မဟာဗောဓိပင်မှာ သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းတော်တွင် တည်ရှိသည်။  အာနန္ဒာဗောဓိပင်ဟု ခေါ်သည်။ မြတ်ဗုဒ္ဓခေတ် သာဝတ္ထိသားတို့က မြတ်စွာဘုရားရှင်  မရှိသည့်အခါ ကိုယ်စားကိုးကွယ်ဖို့ တစ်စုံတစ်ရာ တောင်းဆိုကြရာ  မြတ်စွာဘုရားရှင်က မူလဗောဓိပင်ကြီးမှ ဗောဓိပင်ပွားတစ်ဆူကို စိုက်ပျိုးပြီး  ကိုးကွယ်ကြဖို့ မိန့်တော်မူသည်။ အရှင်မဟာမောဂ္ဂလာန်က မူလဗောဓိပင်မှ  ညောင်စေ့ကို ယူပြီး အနာထပိဏ်သူဌေးကို စိုက်ပျိုးစေသည်။ အနာထပိဏ်သူဌေးက  ပွဲတော်အခမ်းအနား ကြီးကျယ်စွာဖြင့် စိုက်ပျိုးခဲ့သည်။ တန်ခိုးတော်ကြောင့်  ငါးတောင်ခန့်မျှ မြင့်သော အပင်ပေါက်လာခဲ့သည်။ မြတ်စွာဘုရားရှင်ကလည်း  ထိုဗောဓိပင်အောက်တွင် တစ်ညတာ သီတင်းသုံးနေတော်မူခဲ့သည်။ 
၃။  တတိယ မဟာဗောဓိပင်မှာ သီရိလင်္ကာနိုင်ငံ၊ အနုရာဓပူရမြို့တွင် တည်ရှိသည်။  အသောကမင်းကြီး၏ သမီးတော် သင်္ဃမိတ္တာထေရီက မူလမဟာဗောဓိပင်ကြီး၏  တောင်ဘက်ကိုင်းကို သယ်ဆောင်ခဲ့ပြီး ဒေ၀ါနံပိယတိဿမင်းက စိုက်ပျိုးခဲ့သည်။  မဟာဝံသကျမ်းတွင် မဟာဗောဓိပင်ပွား သယ်ဆောင်ရာလမ်းကြောင်းကို ရှင်းပြထားသည်။  ပထမ ဗုဒ္ဓဂယာမှ ပါဋလိပုတ်ပြည်၊ ပါဋလိပုတ်ပြည်မှ တာမလိတ္တိဆိပ်ကမ်း၊  ထိုမှတစ်ဆင့် ပင်လယ်ကို ဖြတ်ပြီး သီဟိုဠ်ကျွန်း ဇမ္ဗုကောလဆိပ်၊ ထိုမှတစ်ဆင့်  တိဝဂ္ဂရွာ၊ ထိုမှတစ်ဆင့် အနုရာဓပုရမြို့တော်သို့ အဆင့်ဆင့်  ဖြတ်သန်းသယ်ဆောင်ခဲ့ရသည်။ 
အနုရာဓပူရမြို့သည်  ဗုဒ္ဓဘာသာသမိုင်းကြောင်းနှင့် ပတ်သက်ပြီး အလွန်ကြီးကျယ်ပြီး အရေးပါသော  မြို့တစ်မြို့ဖြစ်သည်။ နေရာအနှံ့အပြားတွင် ရှေးဟောင်းကျောင်းပျက်များ၊  ပုထိုးတော်ကြီးများနှင့် အခြားဘာသာရေးဆိုင်ရာ သမိုင်းခြေရာများကို  တွေ့ရှိနိုင်လေသည်။ မဟာဝံသကျမ်းအလိုအရ အနုရာဓပူရမြို့သည်  ဂေါတမမြတ်စွာဘုရားရှင်၏ ဗောဓိပင်သာမက ဤကပ္ပကမ္ဘာတွင် ပွင့်တော်မူခဲ့ကြသော  ဘုရားရှင်တို့၏ ဗောဓိပင်များကိုလည်း အနုရာဓမြို့၊  ယခုလက်ရှိဗောဓိပင်နေရာတွင် စိုက်ပျိုးကိုးကွယ်ခဲ့ကြသည်ဟု ဆိုထားသည်။  သီရိလင်္ကာဗုဒ္ဓဘာသာတို့ကလည်း ဤအချက်ကို လက်ခံသည့်အတွက် အမြတ်တနိုး  တန်ဖိုးထားကြခြင်း ဖြစ်သည်။ မဟာဝံသတွင် ကကုသန်ဘုရားရှင်ပွင့်တော်မူရာ  ဗောဓိပင်ကို ရုစာနန္ဒာထေရီ၊ ကောဏဂမနဘုရားရှင်ပွင့်တော်မူရာ ဗောဓိပင်ကို  ကန္တကာနန္ဒာထေရီ (ကနကဒတ္တာထေရီမ)နှင့် ကဿပဘုရားရှင်ပွင့်တော်မူရာ ဗောဓိပင်ကို  သုဓမ္မာထေရီတို့က အသီးသီး အိန္ဒိယမှ ပင့်ဆောင်ခဲ့ကြကာ အနုရာဓပူရမြို့တွင်  စိုက်ပျိုးပူဇော်ခဲ့ကြသည်ဟု ဆိုထားသည်။ ထိုကဲ့သို့ လေးနက်သော  သမိုင်းကြောင်းများကြောင့် သီရိလင်္ကာတွင် မဟာဗောဓိပင် ကိုးကွယ်ပူဇော်သော  ဓလေ့က ဗုဒ္ဓဘာသာ၏ အဓိကအခန်းကဏ္ဍမှ ပါဝင်နေခြင်း ဖြစ်ပုံရသည်။








 
 
No comments:
Post a Comment