Tuesday 15 November 2011

ထာဝရဘုရား (ဂေါ့ဒ်)၊ ဗုဒ္ဓဘာသာနှင့် ဆူနာမီ



၂၀၁၁ မတ်လ (၁၁) ရက်နေ့က ဂျပန်မှာ ဖြစ်ပေါ်ခဲတဲ့ ဆူနာမီအပြီး မြင်ကွင်းတစ်ခု
(တစ်နေ့က ဖေ့စ်ဘွတ်မှာ စာရေးသူကို  ဒကာတော် ဝိမုတ္တိသုခက  တက်ဂ် တစ်ခု လုပ်လာပါတယ်။ အဲဒါက Shravasti Dhammika ရဲ့ God, Buddhism and the Tsunami ဆိုတဲ့ ဆောင်းပါးပါ။ Shravasti Dhammika ရဲ့ 'Good Question and Good Answer'  စာအုပ်ကို ချမ်းမြေ့ဆရာတော်က ဘာသာပြန်ပြီး စာအုပ် ထုပ်ဝေဘူးပါတယ်။ (နာမည် အတိအကျ မမှတ်မိပါဘူး။) ဒါကြောင့် သူ့ကို မြန်မာ ဗုဒ္ဓဘာသာဝင်တွေ သိကြပါတယ်။ အခု အထက်ဖော်ပြ ခေါင်းစီးပါ စာကို ဘာသာပြန်ပြီး တင်လိုက်ပါတယ်။)

မှတ်မိနေသမျှထဲမှာ အကြီးဆုံး သဘာဝ ကပ်ဘေးဆိုးကြီး ဖြစ်တဲ့ လတ်တလော ဆူနာမီက အတ္တရှာပုံတော်ကြီး လုပ်ဆောင်စေခဲ့တယ်။ ထာဝရဘုရားသခင် (ဂေါ့ဒ်)နှင့် ဘာသာရေးယုံကြည်မှု ရှာဖွေမှုမျိုး လုပ်ဆောင်စေဖို့လို့ ပြောဖို့ မဟုတ်ပါဘူး။ လူတွေဟာ ကပ်ဆိုးကြီးကို သူတို့ ဘာသာရေး ယုံကြည်ချက်များနှင့် ဆက်စပ်ပတ်သက်ပြီး ကြိုးစားရှင်းပြကြတယ်။ စင်္ကာပူနိုင်ငံထုတ် အင်္ဂလိပ်သတင်းစာ အများအပြားက ဒီကိစ္စနှင့်ပတ်သက်ပြီး ဆောင်းပါးများနှင့် ပေးစာ အများအပြားကို ပုံနှိပ်ထုတ်ဝေပြီး ဖြစ်ပါတယ်။ အခုအထိတော့ ခရစ်ယန် အမြင်တွေပဲ ဖြစ်ပါတယ်။ ဒီဆွေးနွေးမှုကို ဗုဒ္ဓဘာသာ ရှုဒေါင့်ကနေ ကျွန်ုပ် ရေးသားလိုပါတယ်။ ဒီ ပြဿနာနှင့် ပတ်သက်လို့ အမြင် နှစ်ရပ် ရှိပါတယ်။ ပထမတစ်ခုက ကြောက်မက်ဖွယ်ရာ ဘေးဆိုးကြီးတွေကို ဘာသာတရားတွေက ဘယ်လို တုန့်ပြန်ခဲ့ကြတယ် ဆိုတာကိုပါ။ ဒီသဘောနှင့် ဆိုရင်တော့ ကမ္ဘာ့ဘာသာတရားတွေဟာ အများကြီး တူနေတာကို တွေ့ရပါတယ်။ ဟိန္ဒူ၊ မူဆလင်၊ ခရစ်ယန်၊ ဗုဒ္ဓဘာသာနှင့် တာအိုဘာသာတို့ဟာ သူတို့တွေရဲ့ ဘာသာရေး ဆက်သွယ် ပေါင်းစည်းမှုကို ထည့်တွက်မနေပဲ ဒုက္ခရောက်နေသူတွေကို ကူညီဖို့ သူတို့တွေရဲ့ နှစ်လုံးသားတွေကိုရော ပိုက်ဆံအိပ်တွေကိုပါ ဖွင့်ထားကြပါတယ်။ ဗုဒ္ဓဘာသာက မူဆလင်တွေကို ကူညီ၊ မူဆလင်က ခရစ်ယန်ကို ကူညီ၊ ခရစ်ယန်က ဟိန္ဒူကို ကူညီနှင့်ပေါ့။

ဒုတိယအမြင်ကတော့ ဘာသာတရားတွေက ဆူနာမီကို ဘယ်လို ရှင်းလင်းပြကြသလဲ ဆိုတာပါ။ ဒီသဘောနှင့်ဆိုရင်တော့ ဘာသာတရား အသီးသီးကြားမှာ သဘောတူညီတာက အနည်းငယ်ပဲ ရှိပါတယ်။ ဇန်နဝါရီ (၁)ရက်နေ့ထုတ် စထရိတ် တိုင်းမ် သတင်းစာမှာ အင်ဒီ ဟို (Andy Ho)က “ဆူနာမီဖြစ်တဲ့ အချိန်မှာ ဂေါ့ဒ် ဘယ်ရောက်နေခဲ့သလဲ” ဆိုတဲ့ ဆောင်းပါးတစ်စောင်ကို ရေးသားခဲ့ပါတယ်။ ဇန်နဝါရီ (၉)ရက်နေ့မှာတော့ အဲဒီသတင်းစာမှာ တန် တားန် (Tan Tarn) ရေးတဲ့ ‘Evil? No Way, Come Hell and High Water’ ဆိုတဲ့ ဆောင်းပါးတစ်စောင် ပါလာခဲ့ပါတယ်။ စာရေးသူ နှစ်ယောက်လုံးက ဆူနာမီလို သဘာဝဘေးဆိုးကြီးတွေက ကရုဏာရှင် ထာဝရဘုရားသခင် ရှိတယ်ဆိုတဲ့ အယူအပေါ်မှာ သံသယပွားစေကြောင်း ပြောကြပါတယ်။ ဒီနည်းနှင့် သူတို့တွေဟာ လူတွေ ဂေါ့ဒ်ကို စတင် ယုံကြည်ကြကတည်းကိုက တည်ရှိလာခဲ့တဲ့ သဘာဝကျတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ သံသယတွေ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ သံသယတွေကို တင်ပြကြပါတယ်။ အက်ဒ်မွန် ချူးက ဇန်နဝါရီ (၂၉) ရက်နေ့ထုတ် စထရိ တိုင်းမှာ ဟိုနှင့် တာန်တို့ မေးထားတဲ့ မေးခွန်းတွေကို ကြိုးစားဖြေထားပြီး ဂေါ့ဒ်က ဘာကြောင့် ဆူနာမီ ဖြစ်ခွင့်ပြုရသလဲ ဆိုတာနှင့် ပတ်သက်တဲ့ ရှင်းလင်းချက် ပေးပါတယ်။

ချူးရဲ့ ရှင်းလင်းချက်က ရိုးရိုးလေးပါပဲ။ ဂေါ့ဒ်က မကောင်းမှုကို ဘာကြောင့် ခွင့်ပြုတာလဲ ဆိုတာရဲ့ ရိုးစင်းတဲ့ အကြောင်းပြချက်က မကောင်းမှုကို ခွင့်မပြုခဲ့ရင် ကောင်းမှုအများအပြား ပျောက်ကွယ်သွားမှာပေါ့ ဆိုတာပဲ ဖြစ်ပါတယ်။ သူ့အမြင်ကို ထောက်ကူပေးဖို့ သောမတ်စ် အကွိုင့်နတ်စ်ရဲ့ “မကောင်းမှု မရှိလျှင် ဘုရားသခင်လည်း မရှိ၊ အကြောင်းကတော့ ကောင်းမှု အစုစုကို ယူဆောင်သွားခဲ့မယ်ဆိုလျှင် မကောင်းမှုလည်း ရှိမှာ မဟုတ်တော့လို့ပါ။ …” နောက်ထပ် တစ်ဖန် “ဂေါ့ဒ်က မကောင်းမှု တည်ရှိခွင့် မပေးလျှင် ကောင်းမှုတွေလည်း ယူဆောင်သွားမှာ ဖြစ်တဲ့အတွက်ကြောင့်ပါ၊ လေဓာတ် မဖောက်ပြန်ခဲ့လျှင် မီးဓာတ် ဖြစ်ပေါ်မည် မဟုတ်၊ မြည်းသတ္တဝါကို မသတ်လျှင် ခြင်္သေ့၏ အသက်လည်း ရှိတော့လိမ့်မည် မဟုတ်”ဆိုတာကို သူက  ကိုးကားထားပါတယ်။

ကျွန်ုပ်ကတော့ ချူးရဲ့ ဆွေးနွေးမှုကို ဗုဒ္ဓဘာသာ ရှုဒေါင့်ကနေ ဆန်းစစ်ကြည့်လိုပါတယ်။ ချူးရဲ့ ရှင်းလင်းချက်ကို ဖတ်ပြီးနောက် စိတ်ထဲ အရင်ဆုံး ဝင်လာတာကတော့ သူ့ရှင်းချက်က ဂေါ့ဒ်ဟာ ဉာဏ်ပညာရှိတယ်၊ မေတ္တာတရား ရှိပြီး တကယ့် နတ်ဘုရားဖြစ်တယ်ဆိုတဲ့ အယူအဆနှင့် အကြီးအကျယ် ဆန့်ကျင်နေပုံ ပေါ်တယ်။ မကောင်းမှု (ဥပမာ သေဆုံးမှု ၊ ဆူနာမီနှင့် ပတ်သက်တဲ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲမှု)က ကျွန်ုပ်တို့ကို ကရုဏာတရား၊ စိုးရိမ်ပူပန်မှုနှင့် စေတနာကောင်းတွေကို ထုတ်ဖော်ပြသခွင့် ပေးတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့လဲ ဒါကို လုပ်ဖို့အတွက် ဂေါ့ဒ်ဟာ ရက်စက်မှုနည်းတဲ့ နည်းလမ်းကို မစဉ်းစားနိုင်ဘူးလား။ အခြားတစ်ယောက် ကောင်းမှု လုပ်ခွင့် ရဖို့အတွက် တစ်ယောက်သောသူမှာ ထိခိုက် ခံစားရတယ် ဆိုတာ တရားမျှတပါရဲ့လား။ ချူးရဲ့ ဆွေးနွေးမှုကို ယုတ္တိရှိတဲ့ ကောက်ချက်အဖြစ် ယူဆမယ်ဆိုရင် အဲဒါက ဘယ်လို ပြဿနာရှိတယ်ဆိုတာကို စတင်ကြည့်ရပါလိမ့်မယ်။ အဲဒီယုတ္တိကိုပဲ သုံးပြီးတော့ ကင်ဆာရောဂါဟာ ဆရာဝန်တွေကို ဆေးကုသဖို့ အခွင့်အရေးပေးတဲ့အတွက် ကောင်းတယ်လို့ ပြောရမလိုပါပဲ။ ဥပဒေနှင့်အညီ နေထိုင်တဲ့ ပြည်သူတွေပါလို့ အဓိပ္ပါယ် ဖွင့်ဆိုလို့ ရအောင် ရာဇဝတ်ကောင်တွေကို ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ အားပေးသင့်တယ်လို့ ပြောရမလိုပါပဲ။ ငြိမ်းချမ်းရေး ထိန်းသိမ်းသူတွေ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးညှိနှိုင်းနိုင်စေဖို့ ကျွန်ုပ်တို့တွေက မကြာခဏ စစ်ပွဲ ဆင်နွှဲသင့်ပါတယ်လို့ ပြောရမလိုဖြစ်နေပါတယ်။

တတိယ ပြဿနာအဖြစ်နှင့်ရော၊ ချူးရဲ့ ရှင်းလင်းချက်မှာ အကြီးဆုံး ပြဿနာပါ ဖြစ်ကောင်း ဖြစ်နိုင်တာက ကောင်းမှုကို မကောင်းမှုကို တုန့်ပြန်ဖို့ ဒါမှမဟုတ် မကောင်းမှုနှင့် နှိုင်းယှဉ်ဖို့မျှလောက်အထိ နိမ့်တဲ့ အနေအထား ရောက်အောင် လျှော့ချလိုက်တာပါပဲ။ ဗုဒ္ဓဘာသာဝင် တစ်ဦးအတွက်တော့ ကောင်းဖို့အတွက်ဖြစ်စေ၊ ကောင်းမြတ်ခြင်းကို နားလည်ဖို့ အတွက်ဖြစ်စေ သို့မဟုတ် ကောင်းအောင်ကြိုးစားဖို့ အတွက်ဖြစ်စေ မကောင်းမှု မလိုအပ်ပါဘူး။ တစ်ခါတစ်ရံတော့ မကောင်းတာက ကောင်းတာကို လုပ်ဖို့ တိုက်တွန်း နှိုးဆွပေးနိုင်ပါတယ်။ ဒါပေမဲ့ မကြာခဏဆိုသလို ကျွန်ုပ်ကို ပိုကောင်းစေတာက ကောင်မြတ်မှုရဲ့ အလှအပတရားနှင့် ပျော်ရွှင်ဝမ်းမြောက်ရမှုပဲ ဖြစ်ပါတယ်။ ကျွန်ုပ်ကို ပိုကောင်းမြတ်အောင် ကြိုးစားစေတာက ဟစ်တလာ သို့မဟုတ် ပိုလ် ပေါ့အကြောင်း ဖတ်ခြင်း မဟုတ်ပါဘူး။ သူတို့အကြောင်း ဖတ်တာထက် ပိုမိုမြင့်မြတ်တဲ့ ကောင်းမြတ်မှုကို ကျင့်သုံးဖို့ ကျွန်ုပ်ကို နှိုးဆွပေးတာက ဗုဒ္ဓ၊ ဂန္ဓီ သို့မဟုတ် မာသာ ထရီဆာတို့ပါ။ အချုပ်ပြောရရင်တော့ ကောင်းမြတ်မှုကို သိဖို့အတွက်ဖြစ်စေ၊ ကောင်းတာလုပ်ဖို့အတွက်ဖြစ်စေ မကောင်းမှု မလိုအပ်ပါဘူး။ ဒါ့ကြောင့် ဘာကြောင့် ထာဝရဘုရားက မကောင်းဆိုးဝါးမှုကို ဖြင့်ခွင့်ပြုတာလဲဆိုတာနှင့် ပတ်သက်တဲ့ ချူးရဲ့ ရှင်းလင်းချက်က ယုံကြည်လက်ခံနိုင်စရာ မရှိပါဘူး။

ဇန်နဝါရီလ ၂၉ ရက်နေ့ထုတ် စထရိတ် တိုင်းမ် သတင်းစာပါ အခြား ပေးစာတစ်စောင်မှာတော့ အန်သနီ ယို (Anthony Yeo) က ဆူနာမီဟာ “လူသားတွေအတွက် ဂေါ့ဒ်ရဲ့ အော်လန်” ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီစကားရပ်ဖြင့် “ကျွန်ုပ်တို့တွေ ကမ္ဘာကြီးကို ဂရုစိုက်ကြဖို့နှင့် ညီညီညွတ်ညွတ် နေထိုင်ဖို့ လိုတယ်လို့ ကျွန်ုပ်တို့တွေကို ပြောဖို့ ဂေါ့ဒ်က ကြိုးစားနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”လို့ ယိုက ဆိုလိုတာပါ။ သူဟာ မှန်ကောင်း မှန်နိုင်ပါတယ်။ ဒါပေမဲ့ အထက်မှာ ဖော်ပြခဲ့တဲ့ အလားတူ ကန့်ကွက်မှုမျိုး ရှိတုန်းပါပဲ။ မေတ္တာတရား ထားပါတယ်ဆိုတဲ့ နတ်ဘုရားက သူ့ရဲ့ သတင်းစကား ဖြန့်ဖို့ ထိတ်လန့် တုန်လှုပ် ချောက်ချားမှုနည်းပြီး ပျက်စီးမှုလည်း လျှော့နည်းတဲ့ နည်းလမ်းတစ်ခု တစ်လေကိုများ မစဉ်းစားတတ်ခဲ့လေသလား။ အာရှတိုက် ကမ်းခြေအစိတ်အပိုင်းကြီးကို ပျက်စီးစေတာဟာ ကမ္ဘာကြီးကို ဂရုစိုက်သင့်တယ်လို့ လူသားတွေကို ပြောဖို့ရာ အကောင်းဆုံး နည်းလမ်း ဖြစ်ပါရဲ့လားလို့လည်း တစ်စုံတစ်ယောက်က မေးနိုင်ပါတယ်။

 ရိုးစင်းပြီး နားလည်လွယ်တဲ့ မေးခွန်းနှစ်ခုကို မေးပြီးတော့ ဒီ ရှုပ်ထွေးလှတဲ့ ငြင်းခုံ ဆွေးနွေးချက်များနှင့် ရှင်းလင်းချက်တွေကို ဖြတ်ထုတ်ပစ်လို့ ရတယ်လို့ ကျွန်တော် အမှန်တကယ် တွေးမိပါတယ်။ “ဆူနာမီ ဖြစ်တော့မယ်လို့ သိပြီး သင့်မှာလည်း အဲဒါကို ရပ်ပစ်ဖို့ တန်ခိုးစွမ်းအား ရှိမယ်ဆိုရင် သင် ရပ်ပစ်လိုက်မှာလား။” စာနာမှု တစ်စိုးတစ်စိရှိတဲ့ လူတိုင်းတောင်မှ “ရပ်ပစ်မယ်ဗျာ“လို့ ပြောလိမ့်မယ်ဆိုတာ ကျွန်တော် သံသယ မရှိပါဘူး။ ဒီကနေ ဆက်လိုက်လာတဲ့ သိသာထင်ရှားတဲ့ မေးခွန်းက “ဒီလိုဆိုရင် ဂေါ့ဒ်ဟာ ဘာကြောင့် ရပ်မပစ်ရတာပါလဲ” ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ ဒီမေးခွန်းကို တစ်ဦးတစ်ယောက်က ဘယ်လို ဖြေသလဲဆိုတာကတော့ သူ့ဘာသာတရားက ဘာလဲ ဆိုတဲ့အပေါ် မူတည်ပါလိမ့်မယ်။ ဒါမှမဟုတ်လဲ သူ့မှာ ကိုးကွယ်ရာ ဘာသာတရား ရှိ မရှိအပေါ် မူတည်ပါလိမ့်မယ်။ ဗုဒ္ဓဘာသာကတော့ ဒီမေးခွန်းအတွက် ရိုးရှင်းပြီး နားလည်ရ လွယ်တဲ့ အဖြေ၊ ရှုပ်ထွေး ခက်ခဲတဲ့ ဘာသာရေး ယုံကြည်မှုဆိုင်ရာ ငြင်းခုံမှုတွေလည်း မလိုအပ်တဲ့ အဖြေရှိတယ်လို့ လူအများအပြားက ပြောကြပါလိမ့်မယ်။ အဲဒီအဖြေကတော့ “ဂေါ့ဒ်ဆိုတာ မရှိတဲ့အတွက်ကြောင့်”ပါ။


၂၀၁၁ မတ်လ (၁၁) ရက်နေ့က ဂျပန်မှာ ဖြစ်ပေါ်ခဲတဲ့ ဆူနာမီအပြီး မြင်ကွင်းတစ်ခု

ဒီလိုဆိုရင် ဆူနာမီလို သဘာဝကပ်ဘေးတွေကို ဗုဒ္ဓဘာသာက ဘယ်လို ရှင်းပြပါသလဲ။ အဲဒီ အဓိပ္ပါယ်မျိုးနှင့်ဆို ရှင်းပြစရာ မရှိပါဘူး။ ကျွန်ုပ်တို့ကို ကြိုးစား ရှင်းပြစေတာက အားလုံးကို သိမြင်တော်မူတဲ့၊ အားလုံးကို ချစ်မြတ်နိုးပါတယ်ဆိုတဲ့၊ တန်ခိုးတော် အနန္တရှိတဲ့ ဂေါ့ဒ်ကို ယုံကြည်မှုနှင့် ဒီ ယုံကြည်မှုနှင့် ဆန့်ကျင်ဟန်တူတဲ့ သက်သေအထောက်အထားတွေကို အရေးမပါလေဟန်၊ မလေးနက်လေဟန် လုပ်တဲ့ ဂေါ့ဒ်ကို ယုံကြည်သက်ဝင်မှုပါပဲ။ ဂေါ့ဒ်ကိုသာ စိတ်ကူးပုံထဲက ထုတ်ပစ်ကြည့်လိုက်မယ်ဆိုရင် အဖြေက သိပ်ကို ရှင်းပါတယ်။ စကြာဝဠာကြီးက ပြင်ပ အလို ဆန္ဒတွေကို မလိုက်နာပါဘူး။ စကြာဝဠာကြီးက ကျွန်ုပ်တို့တွေနှင့် ကျွန်ုပ်တို့ရဲ့ ဆုတောင်းတွေကို ဂရုမပြုပါဘူး။ ကမ္ဘာမြေကြီးရဲ့ တင်းမာတဲ့ မျက်နှာပြင်လွှာပြားကြီးတွေဟာ ရွေ့လျှားနေတတ်ပြီး တစ်ခါတစ်ရံမှာတော့ ပျက်စီးမှုတွေကို ဖြစ်စေတဲ့ နည်းမျိုးနှင့် ရွေ့လျှားတတ်ပါတယ်။ မိုးတွေ ရွာတတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ မိုးတွေ အရမ်းကာရော ရွာလွန်းတတ်သလို တစ်ခါတစ်ရံမှာတော့ ရေ မလုံမလောက် ရွာတတ်ပြီး လူသားတွေကို ဆင်းရဲဒုက္ခ ဖြစ်စေတတ်ပါတယ်။ ဗက်တီးရီးယားပိုးလိုမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ အဲဒါတွေက ကျွန်ုပ်တို့တွေရဲ့ ခန္ဓာကိုယ်ထဲမှာ အခြေတည်လာပြီး ရောဂါ ရစေတတ်ပါတယ်။ 

ကျွန်ုပ်တို့ဟာ စွမ်းအားကြီးမားလှတဲ့ စကြာဝဠာကြီးထဲမှာ နေထိုင်ကြပြီး တစ်ခါတစ်ရံ ဖြစ်ပျက်တာတွေက ကျွန်ုပ်တို့ အကျိုးစီးပွားအတွက် ဖြစ်ပြီး တစ်ခါတစ်ရံမှာတော့ ထိခိုက်နစ်နာမှု ဖြစ်တတ်ပါတယ်။ ဒါဟာ ကမ္ဘာကြီး ဖြစ်တည်ပုံ ဖြစ်တည်နည်းပါပဲ။ ဗုဒ္ဓဘာသာကတော့ ဒါဟာ ဘာကြောင့် အဲဒီလို ဖြစ်တာလဲဆိုတာကို ရှင်းပြမှုနှင့် မပတ်သက်ပါဘူး။ ဗုဒ္ဓဘာသာကတော့ စကြာဝဠာဟာ ဒုက္ခတရား (the universe is dukkha) ဖြစ်တယ်လို့ ရိုးရိုး အဓိပ္ပါယ်ရှိတဲ့ အဆိုကိုပဲ ပေးပါတယ်။ တစ်ခါတစ်ရံတော့ ကျွန်ုပ်တို့ရဲ့ အိပ်မက်တွေ၊ အလို ဆန္ဒတွေနှင့် အကွဲကွဲ အလွဲလွဲပေါ့။ ဗုဒ္ဓဘာသာ အလေးထားတာက ကျွန်ုပ်တို့ရဲ့ လိုအင်ဆန္ဒတွေကို ပြုပြင် မွမ်းမံပြောင်းလဲဖို့ သင်ကြားပေးရေးပါပဲ။ ဒါမှလဲ ဖြစ်ပျက်နေတာတွေနှင့် ပဋိပက္ခဖြစ်ရမှု နည်းပါးစေနိုင်မယ်လေ။ ဖြစ်ပျက်နေတာတွေနှင့် ပဋိပက္ခဖြစ်ရတဲ့အခါမှာလည်း ဘယ်လို တည်တည်ငြိမ်ငြိမ် ရှိရမယ်၊ ဘယ်လို ရောင့်ရဲရမယ်ဆိုတာ သင်ပြဖို့ပဲ ဖြစ်ပါတယ်။

(မူရင်းကြည့်လိုပါက http://sdhammika.blogspot.com/2008/06/recent-tsunami-greatest-natural.html)

No comments:

Post a Comment