Saturday, 25 February 2012

အိမ်ဖြူတော်မှ ပန်းနက်တစ်ပွင့် (၁)

အမေရိကန်၏ ပထမဆုံးလူမဲ အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် သို့မဟုတ် အိမ်ဖြူတော်မှ ပန်းနက်တစ်ပွင့် (အပိုင်း ၁ )


၆၆ ယောက်မြောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် ( ဟီလာရီကလင်တန်၏အရှေ့)       
  •              ကွန်ဒိုလီဇာရိုက်စ် ဆိုတဲ့ နာမည်ကို ကြားရင် ချစ်သူထက် မုန်းသူများမှာ သေချာသလောက်ပါဘဲ။ မုန်းဆို သူ့ကို အီရတ်စစ်ပွဲဖြစ်အောင် မွှေသူတွေထဲက တစ်ယောက်လို့ယူဆသူတွေ မနည်းဘူးကိုး။ အထူးသဖြင့် အီရပ်စစ်ပွဲမှာ ကျဆုံးသွားတဲ့ အမေရိကန်နဲ့အမေရိကန်ဘက်က၀င်တိုက်လို့ကျသွားတဲ့ဥရောပ သြစတြေးလျ စတဲ့နိုင်ငံတွေကစစ်သားတွေရဲ့ကျန်ရစ်သူမိသားစုတွေအတွက်ပေါ့။ စီအိုင်အေထောက်လှမ်းရေးသတင်းတွေက ဆာဒမ်ဟူစိန်ဆီမှာ နျူကလီးယားမရှိဘူးလို့ပြောတာကို ရိုက်စ်ကလက်မခံဘဲ ခေါင်းမာစွာနဲ့ ငြင်းခဲ့လို့စစ်ဖြစ်ရတာလို့ယုံကြည်သူတွေအများကြီးရှိတယ်။အဲဒီစစ်ကြောင့် လူတွေများစွာသေကြရသလို စစ်စရိတ်လည်း ဒေါ်လာသန်းထောင်နဲ့ချီကုန်ပြီး တိုင်းပြည်စီးပွားရေးကို အကြီးအကျယ်ထိခိုက်ခဲ့တယ်။ နောက်ပိုင်းမှာ နျူးကလီးယားလည်းမတွေ့စစ်ကြောင့်စတေးလိုက်ရတဲ့ဆုံးရှုံးမှုကလည်း မနည်းတော့ဘုရှ်အစိုးရရဲ့ ဂုဏ်သိက္ခာဟာ ကုန်းကောက်စရာမရှိအောင်ကျပြီး အကြီးအကျယ်နာမည်ပျက်ရသူတွေထဲမှာ နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ကွန်ဒိုလီဇာရိုက်စ်က ထိပ်ဆုံးမှာပါပါတယ်။်။သူ့ကို စစ်ရာဇ၀တ်ကောင် ဆိုပြီး ဆန့်ကျင်ဆန္ဒပြပွဲတွေ အမေရိကန်နေရာအနှံအပြားမှာ ဖြစ်ခဲ့တယ်။
၂၀၀၇ မှာ အရှေ့အလယ်ပိုင်းကိစ္စနဲ့ ကွန်ဂရက်စ် မှာ အစစ်ခံဖို့ ၀င်လာတဲ့ ရိုက်စ်ကို သွေးပေတဲ့လက်လို ဖြစ်အောင် အနီသုတ်ထားတဲ့ လက်နဲ့ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူအမျိုးသမီးတစ်ဦးက စောင့်ပြီး မင်းဟာ စစ်ရာဇ၀တ်ကောင်ဘဲ လို့ အော်ဟစ်ခဲ့ပါတယ်။ လုံခြုံရေးရဲတွေက အချိန်မီတားပြီး အမျိုးသမီးကို အတင်းခေါ်ထုတ်သွားပေမယ့် ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့စဉ် ။
  •             အခုထိတိုင် နိုင်ငံရေးက အနားယူသွားပေးမယ့်သူသွားလေရာမှာ ဝေဖန်မှုတွေနဲ့ မပြတ်တွေ့နေရဆဲပါ။ ဒါပေမယ့်ကောင်းတဲ့သူတိုင်း အကုန်ကောင်းနိုင်ခဲသလို ဆိုးတဲ့သူတိုင်းလည်း အကုန်ဆိုးတယ်လို့မရှိပါဘူး။ သူမဟာ လေးစားဦးညွှတ်စရာကောင်းတဲ့သူမဟုတ်ပေမယ့် အင်မတန်အနှိမ်ခံရတဲ့ လူမည်းဘ၀ကနေ ကမ္ဘာပေါ်မှာ ပါလေရာ ငါးပိချက် လူတွင်ကျယ် လုပ်နိုင်တဲ့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးရာထူးထိ ရောက်အောင် လှမ်းတက်နိုင်ခဲ့တဲ့ အတွက် အားကျချီးကျူးသူတွေကတော့ ဒုနဲ့ ဒေးပါဘဲ။လူမဲတွေထဲက နိုင်ငံခြားရေးဝန်ကြီးတက်ဖြစ်တဲ့ ပထမဆုံးလူမဲအမျိုးသမီးဖြစ်ပါတယ်။ ကမ္ဘာကျော် တိုင်းမဂ္ဂဇင်းကြီး က နှစ်စဉ် ပြုစုတဲ့ ကမ္ဘာ့ သြဇာအရှိဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်း ( list of the world's 100 most influencial people ) မှာ ၄ ကြိမ်ဖော်ပြခြင်းခံရဖူးတယ်။ ကမ္ဘာကျော် Forbes မဂ္ဂဇင်းကြီးက ရိုက်စ်ကို  ၂၀၀၄ နဲ့ ၂၀၀၅ ကမ္ဘာ့ သြဇာအကြီးဆုံး အမျိုးသမီး ( the most powerful woman in the world ) အဖြစ် ဖော်ပြခဲ့ဖူးတယ်။

  •              အခုလက်ရှိ နိုင်ငံရေးကအနားယူသွားပေမယ့် ပညာရေးလောကမှာ ထိတ်ထိတ်ကျဲ ဟားဗတ်ကဲ့သို့တက္ကသိုလ်ကြီးတွေက တကူးတကဖိတ်ကြားခံရတဲ့နိုင်ငံရေး သိပ္ပံပညာရှင်ပါ။ သူသွားပြီး ဟောပြောတဲ့ တက္ကသိုလ်တွေမှာ အမြဲတမ်းလိုလို ခန်းလုံးပြည့်လာနားထောင်ကြသလို အခန်းပြင်ကနေ သူ့ကို ဆန္ဒပြကန့်ကွက်တဲ့သူတွေလည်း အမြဲတမ်းရှိပါတယ်။ ကဲ..ဒီလို လူတွေကို အားလည်းကျစေ မုန်းလည်း မုန်းစေတဲ့ ကွန်ဒိုလီဇာရိုက်စ်အကြောင်းကို တို့အားလုံးကို အထောက်အကူ ပြုမယ့်ဘက်ကနေ လေ့လာကြည့်ရအောင်။( သပွတ်အူလို ရှုပ်တဲ့နိုင်ငံရေးတွေကိုတော့ ခဏဘေးဖယ်ထားလိုက်ကြစို့။ စီအိုင်အေထောက်လှမ်းရေးဘာလုပ်တယ်ဆိုတာ သမ္မတတောင် အကုန်သိတဲ့ကိစ္စမဟုတ်ဘူးမဟုတ်လား။ ဒို့လို ပိစိကွေးလေးတွေကအဖို့တော့ ရှိတဲ့ဦးနှောက်လေးတွေကို အကျိုးရှိရာမှာ သုံးပြီး အတုယူစရာလေးတွေ ရှာကြည့်ရအောင်။ )
 ဟားဗတ်တက္ကသိုလ်ဟောပြောပွဲတစ်ခုမှ ရိုက်စ် ။
  • အမည်အပြည့်အစုံ    ...........ကွန်ဒိုလီဇာ ရိုက်စ် ( Condoleezza Rice )
မျိုးရိုးအမည်             .....ရိုက်စ် ( Rice )
မွေးရပ်ဇာတိ            .....ဘာမင်ဟန်မြို့ ( Birmingham ) ၊အာလာဘားမား ( Alamabama ) ပြည်နယ် ၊အမေရိကန်ပြည်ထောင်စု
မွေးသက္ကရစ်             .....၁၉၅၄ နိုဝင်ဘာ ၁၄
ပညာအရည်အချင်း    ....နိုင်ငံရေးသိပ္ပံ ( B.A and Ph.D in Political Science , University of Denver )
                            .....( M.A in Political Science ,University of Notre Dame )
ပညာရေးရာထူး        ......Professor,Provost at Standford University
နိုင်ငံရေးရာထူး         ......ဆိုဗီယက်အရေး ကျွမ်းကျင်သူ Soviet expert ( Bush Senior လက်ထက် )
                            ......သမ္မတ George W.Bush လက်ထက် နိုင်ငံတော် လုံခြုံရေး အကြံပေး National Sicurity Advisor
                            ......သမ္မတ George W.Bush လက်ထက်  နိုင်ငံခြားရေး ၀န်ကြီး Secratary of State
ကျွန်မိသားစု တစ်စု
  •                  ကွန်ဒိုလီဇာရိုက်စ်ရဲ့ အကြောင်းကို ပြောရရင် သူ့ရဲ့ လူမဲဇစ်မြစ်ကို ချန်ထားလို့မရပါဘူး။ သူ့အဖိုးအဖွားတွေဟာ ကျွန်ခေတ်မှာ မွေးတဲ့ လူမဲတွေ ဖြစ်ပြီး သူ့အဖေအမေလက်ထက်မှာလည်း ကျွန်ခေတ်မပျောက်သေးပါဘူး။ သူ့အဖေရဲ့ အဖွား ( ရိုက်စ်ရဲ့ အဖီး) ဟာ ကျွန်ပေမယ့် ကံကောင်းချင်တော့ စာဖတ်တတ်သူ ဖြစ်တယ် ။ မျက်စိတစ်ဆုံးမြင်တတ်တဲ့ ရိုက်စ်ရဲ့ အဖီးဟာ အဲဒီခေတ်မှာ ကျွန်ဖြစ်ရပေမယ့် သူ့ရဲ့ နောက်မျိုးဆက်တွေ လွတ်လပ်သူတွေအဖြစ် နေနိုင်ဖို့အတွက် ပညာရေးဟာ သိပ်အရေးကြီးတယ်ဆိုတာကို သိခဲ့တယ် ။ပညာတတ်ရင် ဘ၀ကို ပြောင်းလဲနိုင်တယ်လို့ လုံးဝယုံကြည်သူဖြစ်တယ်။ ဒါကြောင့် သူ့သားသမီးတွေအားလုံး (ရိုက်စ်အဖိုးအပါအ၀င် ) ကို စာဖတ်တတ်အောင် သင်ပေးခဲ့တယ် ။ ရိုက်စ်ရဲ့အဖိုး ဂျွန်ဟာလည်း သူ့အမေရဲ့ ကျေးဇူးကြောင့် စာဖတ်တတ်ခြင်း ဆိုတာကို အင်မတန်မှ တန်ဖိုးထားခဲ့တယ် ။ အခုဒီစာကို ဖတ်နေသူတွေအားလုံးဟာ စာဖတ်တတ်လို့သာ ဒီအကြောင်းကို ဖတ်နေတာပေါ့နော် ။ ဒီတော့ ကျမတို့ဟာ ရိုက်စ်ရဲ့ ဖိုးဖိုးဖီးဖီးတွေ တခုတ်တရ သင်ခဲ့ရတဲ့ စာဖတ်တတ်ခြင်းဆိုတာကို ပိုင်ဆိုင်ထားတယ် ။ အဲဒီ စာဖတ်တတ်ခြင်း ဆိုတာကြီးဟာ အင်မတန် တန်ဖိုးကြီးတယ်ဆိုတာမမေ့ဖို့ သတိပေးပါရစေ။ ဒီစာဖတ်တတ်ခြင်းဆိုတဲ့ သော့နဲ့ ဗဟုသုတုတံခါးပေါက်တွေကို တစ်ပေါက်ပြီးတစ်ပေါက် ဖွင့်သွားပြီး ဘ၀ကို ပြောင်းလဲနိုင်လို့ပါဘဲ။
 
  •                 ဆက်ပြောရရင် စာဖတ်တတ်တဲ့ ရိုက်စ် ရဲ့ အဖိုး ဂျွန်ဟာ လယ်ငှားလုပ်သူပါ။ နေ့စဉ်နေ့တိုင်း လယ်ထဲမှာ ရုန်းရပေမယ့် အတန်းစာဆယ်တန်းကို မဖြစ်ဖြစ်အောင် တက်ခဲ့တယ် ။ ၁၉ နှစ်သားမှာ ဂျွန်ဟာ ကောလိပ်တက်ဖို့ ဆုံးဖြတ်လိုက်တယ်။ လူမဲတစ်ယောက်ဟာ ကောလိပ်ကို ဘယ်လိုနည်းနဲ့ တက်လို့ရသလဲဆိုတာကို သူဟာ စတင်စုံစမ်းပါတော့တယ်။ ဒီတော့ သူတို့နေတဲ့ မြို့လေးနဲ့ မိုင် ၃၀ လောက်အကွာမှာ ဘာသာရေးကောလိပ်တစ်ခုရှိတယ်ဆိုတာကို သိလာတယ် ။ ဒီတော့သူဟာ အဲဒီမှာ ပထမနှစ်ကို သွားတက်တယ်။ ပထမနှစ်စာသင်ခအတွက် သူလယ်ကထွက်တဲ့ ၀ါဂွမ်းကို ပေးလိုက်ရတယ် ။ ဒုတိယနှစ်ကျတော့ ပေးစရာ ၀ါဂွမ်းမကျန်တော့ဘူး ။ကျောင်းကလည်း သူ့ကို ဒီအတိုင်းတော့ အလကားပေးမတက်နိုင်ဘူးလို့ ပြောလာပါတယ် ။ဒီတော့ သူဟာ အခကြေးငွေမပေးရဘဲ ကောလိပ်ဆက်တက်ရမယ့်နည်းကို စုံစမ်းကြည့်တော့ သင်းအုပ်ဆရာလုပ်ရင်တော့ ပညာသင်ဆုကို ရနိုင်တယ်လို့ပြောကြတယ်။ ဒီတော့သူက --ဟာ ..အတော်ဘဲ ။ ကျနော်လည်း သင်းအုပ်ဆရာ လုပ်ချင်နေတာနဲ့ --ဆိုပြီး ချော်လဲရောထိုင်လုပ်လိုက်ပါသတဲ့ ။ဒီလိုနဲ့ဘဲ သူ ဟာ ပညာတတ်ချင်တဲဇောနဲ့ သင်းအုပ်ဆရာဖြစ်လာတယ် ။ သူ့ရဲ့ပညာရေးကို အင်မတန် တန်ဖိုးထားခဲ့ခြင်းဟာ ရိုက်စ်အပါအ၀င် နောက်ပိုင်းမျိုးဆက်တွေ ထိတ်ထိတ်ကြဲ ပညာတတ်ဖြစ်လာရခြင်းရဲ့ အဓိက အကြောင်းတစ်ခုပါဘဲ ။ ရိုက်စ်တစ်ယောက်တင် အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းရာထူးမျိုးကို ရခဲ့တာမဟုတ်ပါဘူး။ သူ့ရဲ့ မောင်နှမ၀မ်းကွဲတွေထဲမှာ ရှေ့နေတွေ၊ ကမ္ဘာ့ဘဏ်ရဲ့ ထိတ်တန်းနေရာရထားသူတွေ၊ တက္ကသိုလ်ဆရာဆရာမတွေ ပါပါတယ်လို့ ရိုက်စ်က အင်တာဗျုးတွေမှာ မကြာခဏ ပြောလေ့ရှိတယ် ။
 ကျွန်ခေတ် ၀ါခင်းထဲမှ လူမဲကျွန်များ

  •                  ဂျွန်ဟာ သင်းအုပ်ဆရာပေမယ့် ဘာသာရေးကိုချည်း ဟောပြောနေတာမျိုးမဟုတ်ဘဲ သူ့ဘုရားကျောင်းလေးရဲက ဘေးမှာ Sunday School ဖွင့်ပြီး ကလေးတွေကို ပညာသင်ပေးတယ်။ သူပြောင်းရတဲ့ နေရာတိုင်းမှာ ဘုရားကျောင်းဘေးမှာ Sunday School ကို မဖြစ်မနေဖွင့်တယ်။ သူကိုယ်တိုင် ကျောင်းဆရာဆရာမတွေနဲ့ သွားပြီး ညှိနှိုင်းတိုင်ပင်တယ်။ကလေးကို ကျောင်းမထားတဲ့ မိဘတွေရဲ့အိမ်ကို ကိုယ်တိုင်သွားပြီး ကလေးကိုကျောင်းထားဖို့ပြောတယ်။ ကလေးတွေအတွက်ပညာသင်ဆုရအောင် လုပ်ပေးတယ်။ ဆရာ ဆရာမတွေကလည်း သူ့ရဲ့ Sunday School မှာလာပြီး ကူညီကြတယ်။

  •                 သူ့သားသမီးအရင်းတွေဖြစ်တဲ့ရိုက်စ် အဖေနဲ့ အဒေါ်တို့ ပညာတတ်ဖြစ်လာတယ်ဆိုတာ ပြောဖို့လိုမယ်မထင်တော့ပါဘူးနော် ။ရိုက်စ်အဖေက ကောလိပ်တတ်ပြီး သင်းအုပ်ဆရာဖြစ်လာပြီး ပညာဖြန့်ဖြူးရေးအလုပ်ကို ဆက်လုပ်ခဲ့တယ်။ ရိုက်စ်ရဲ့ အဒေါ် တေရေဇာ ကတော့ ပညာအရာမှာပိုပြီး လျှမ်းလျှမ်းတောက် ဖြစ်ခဲ့ပါတယ် ။ဘာကြောင့်လဲဆိုတော့ သူဟာ တက္ကသိုလ်ဒီဂရီထိရခဲ့ပြီး ၁၉၅၂ မှာ အင်္ဂလိပ် ဗစ်တိုးရီးယန်းစာပေ ( Victorian literature ) နဲ့ Ph.D ဘွဲ့ကို ရခဲ့တဲ့ ပထမဆုံး လူမဲအမျိုးသမီးဖြစ်လာတယ် ။ ဗစ်တိုးရီယန်းခေတ်မှာ လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့တဲ့ စာရေးဆရာ Charles Dickens အကြောင်းကို စာအုပ်တွေ ရေးခဲ့တယ်။
ကွန်ဒိုလီဇာ ရိုက်စ်နဲ့ သူ့အမေ

  •               ရိုက်စ်ဟာ အခု အချိန်ထိ သူ့အဖိုးအကြောင်းကို တသသ ပြောနေရတဲ့ အကြောင်းတစ်ခုရှိတယ် ။ ဒုတိယကမ္ဘာစစ်အပြီးမှာ ၂၀ ရာစုရဲ့ အကြီးဆုံး စီးပွားပျက်ကပ်ကြီးဆိုက်ရောက်လို့လူတွေငတ်ပြတ်နေချိန်မှာ ရိုက်စ်အဖိုးဟာ တစ်နေ့ တော့ရွှေရောင်ဖောင်းကြွစာလုံးတွေပါပြီး သားရေအဖုံးတပ်ထားတဲ့ရှိတ်စပီးယား၊ ဗစ်တာဟူဂို နဲ့တခြားနာမည်ကြီးစာရေးဆရာတွေရေးတဲ့ စာအုပ်ကြီးကိုးအုပ်ပိုက်ပြီး ၀မ်းသာအားရ အိမ်ပြန်လာတယ်။ သူ့မိန်းမဖြစ်သူက ခေတ်ပျက်ကြီးထဲမှာ မိသားစုစားဝတ်နေရေးကို စီမံနေရသူပီပီ အဲဒါတွေ ရှင်ဘယ်လောက်ပေးပြီး ၀ယ်လာတာလဲ လို့ အလန့်တကြားမေးပါတယ် ။ ဒေါ်လာ ၉၀ ပါတဲ့ ( လွန်ခဲ့တဲ့ အနှစ် ၈၀ လောက်က ဒေါ်လာ ၉၀ ရဲ့ တန်ဖိုးကို မှန်းကြည့်ပါ )။ စိတ်မပူပါနဲ့ မိန်းမရယ် ။တစ်လ ၃ ဒေါ်လာနှုန်းနဲ့ သုံးနှစ်လောက် ဆပ်ရင် ကျေသွားမှာပါ တဲ့ ။ သူ့မိန်းမက အတင်းပြန်သွားပေးခိုင်းပေမယ့် သူခေါင်းမာစွာနဲ့ ယူထားလိုက်တယ် ။အဲဒီစာအုပ်တွေထဲက အသက်နဲ့ကိုယ် မြဲနေခဲ့တဲ့ ငါးအုပ်ဟာ အခုထက်ရှိ Standford တက္ကသိုလ်က ရိုက်စ်ရဲ့ ရုံး ဧည့်ခန်းထဲက စားပွဲပေါ်မှာ ရှိနေပါသေးတယ် ။ ရိုက်စ် နိုင်ငံရေး သိပံ္ပနဲ့ Ph.D ရတဲ့နေ့မှာ ရိုက်စ် အဖေက ဒီစာအုပ်တွေကို လက်ဆောင်အနေနဲ့ လက်ဆင့်ကမ်းခဲ့တာပါ ။

ဖေဖေ မေမေ နဲ့ ရိုက်စ်
  •             ရိုက်စ် အမေဘက်ကလည်း ပညာနဲ့ပတ်သက်ရင် မခေပါဘူး။ ရိုက်စ် အမေဖက်က အဖိုးဟာ ကောလိပ် ပညာတတ်တော့မဟုတ်ခဲ့ဘူး။ ဒါပေမယ့်စီပွားရေးတော့ အမျိုးမျိုးလုပ်တတ်ခဲ့တယ်။ ကျောက်မီးသွေးကျင်းမှာ အင်ဂျင်နီယာအဖြစ်လုပ်ခဲ့ပြီး ပိတ်ရက်တွေမှာ အိမ်တွေလိုက်ဆောက်ပေးတယ် ။အခါအာလျော်စွာလည်း ပန်းပဲအလုပ်ကို လုပ်လေ့ရှိတယ် ။ ရိုက်စ်အဖွားကတော့ သူ့ခေတ်မှာဆို ပညာတတ်လို့ ပြောလို့ရပါတယ်။ ဂီတကျောင်းဆင်းဖြစ်ပြီး စန္ဒရားကို ကျွမ်းကျွမ်းကျင်ကျင်သင်ယူတတ်မြောက်ခဲ့တယ်။ သူတို့ခေတ်မှာ ဒီလောက်တတ်တာဟာ နည်းတဲ့အဆင့်မဟုတ်ပါဘူး။
အမေနဲ့ အဖွားကဲ့သို စန္ဒရားဝါသနာပါသူ
  •              ဒီနေရာမှာ ရီစရာလည်းကောင်း အတုယူစရာလည်း ကောင်းတဲ့အဖြစ်တစ်ခုရှိပါတယ်။ ရိုက်စ်အမေမှာ မောင်နှမငါးယောက်ရှိတာ နှစ်ယောက်ဘဲ ပညာကို တည့်တည့်မတ်မတ် ရှောရှော ရှူရှူ ဆုံခန်းတိုင်ခဲ့တယ်။ နောက်သုံးယောက်ဖြစ်တဲ့ ရိုက်စ်ရဲ့ဦးလေးနှစ်ယောက်နဲ့ အဒေါ်တစ်ယောက်ဟာ ပညာတစ်ပိုင်းတစ်စမှာ လမ်းလွဲမလိုဖြစ်ခဲ့တယ် ။ အကြောင်းကတော့ ရိုက်စ်ရဲ့ ဦလေးတစ်ယောက်ဟာ ကောလိပ် တစ်ဝက်တစ်ပျက်မှာ အိမ်ထောင်ကျ ကလေးတစ်ယောက်ရပြီး တခြားနယ်ကို စီးပွားရှာဖို့ထွက်သွာခဲ့ပါသတဲ့။ သားသမီးတွေအားလုံး ပညာတတ်ဖြစ်ရမယ်လို့စိတ်ပိုင်းဖြတ်ထားတဲ့ ရိုက်စ် အဖိုးဟာ သူ့သားထွက်သွားတဲ့ ပင်စာဗေနီးယားပြည်နယ်ထိ တကူးတကကို ပြန်လိုက်ခေါ်ပြီး ကောလိပ်ကို ပြန်အပ်ခဲ့တယ်။ ပညာသင်ဆုလျောက်ပေးခဲ့တယ် ။ဒီလိုနဲ့ရိုက်စ် ဦလေးဘွဲ့ရသွားခဲ့တယ်။ နောက်ဦးလေးတစ်ယောက်ကလည်း တက္ကသိုလ်ကို ရောက်ပြီးမှ တစ်ဝက်တစ်ပျက်နဲ့ ကျောင်းထွက်သွားပြန်ပါတယ် ။ရိုက်စ်တို့ အဖိုးဟာ အရင်နည်းအတိုင်း သားကိုလိုက်ခေါ် ကျောင်းပြန်အပ် ပြီး ဘွဲ့ရစေခဲ့တယ် ။ နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ ရိုက်စ်အဒေါ်လည်း ထို့နည်းလည်းကောင်းပါဘဲ၊ ကျောင်းကထွက်ပြီး နယူးယောက်က ချစ်ချစ်ဆီကို ထွက်သွားပါသတဲ့ ။ ရိုက်စ်တို့အဖိုးလည်း ဘာရမလဲ ။ အရင်လိုဘဲ ရထားတတန်စီးပြီး သမီးကို လိုက်ခေါ် ကောလိပ်ပြန်ပိုလိုက်တာ့နောက်ဆုံး ကောလိပ်ဘွဲတင်မက မာစတာဘွဲ့တင်မကဘဲ Ph.D အထိရလို့ အခုဆို ဆရာမဖြစ်နေပါပြီ ။ဒီလောက်ဆိုရင် ဟောဒီစာရဲ့ ဇာတ်လိုက်မမ ဖြစ်တဲ့ ကွန်ဒိုလီဇာရိုက်စ်ရဲ့ ဘိုးဘွားဆွေမျိုးတွေအကြောင်းကို ပရိသတ်ကြီး ရိပ်ဖမ်းသံဖမ်းတော့သိကြပြီလို့ ထင်ပါတယ် ။ဟုတ်ပါတယ်။ သူတို့ဟာ ပညာအတွက်ကို ဘာမဆိုလုပ်မယ်ဆိုတဲ့အထဲမှာ ပါပါတယ်။( တင်စားပြီးပြောတာနော်။ ပညာအတွက်ဆို ဟိုဟာကောလုပ်မလား ဒီဟာကောလုပ်မလား။ စပွန်ဆာကောယူမလားလို့ ကပ်မတွေးပါနဲ့ဦး။ ပြောချင်တာလမ်းလွဲကုန်ဦးမယ်။ )။

  •                   ပြောချင်တာက ဘိုးဘေးတွေလက်ထက်မှာ သူများခိုင်းဖတ်ကျွန်ဖြစ်ခဲ့ရတယ် ။ အဖေတွေလက်ထက်မှာ လူမဲတွေလွတ်လပ်ရေး ရလာပြီဆိုပေမယ့် အဖိနှိပ်ခံရတုန်းပါဘဲ ။ဒီဘ၀တွေက လွတ်ဖို့ပညာသာကိုးကွယ်ရာဆိုတာကို သဘောပေါက်တဲ့ လူတွေပါ ။ပညာရဲ့ ပြောင်းလဲနိုင်တဲ့ ပါဝါအပေါ်မှာ အကြွင်းမဲ့ယုံကြည့်ခဲ့ကြတယ်။ယုံကြည်တဲ့ အတိုင်းလည်း ဖြစ်အောင်လုပ်ခဲ့ကြတယ်။ ဘယ်လောက်များလည်းဆိုရင် ရိုက်စ်ငယ်ငယ်တုန်းက ရှိစုမဲ့စုပိုက်ဆံနဲ့ မကြာခဏဆိုသလို မိသားစုပျော်ပွဲစားထွက်ကြပါသတဲ့။ သူ့အဖေနဲ့ အမေဟာ တစ်ဦးတည်းသောသမီးရိုက်စ်တင်မက ရိုက်စ်ရဲ့ဝမ်းကွဲမောင်နှမတွေကိုပါ သူတို့ပျော်ပွဲစားထွက်တာမှာခေါ်သွားလေ့ရှိတယ်။ ပျော်ပွဲစားထွက်တယ်ဆိုလို့ မြကျွန်းသာတို့ ဟက်ပီးဝေါလ်တို့ သွားတယ်ထင်လားဟင် ။ ကလေးတွေကို ကောလိပ်တွေ တက္ကသိုလ်တွေရဲ့ Campus တွေကို သွားပြကြတာပါတဲ့။ တခါတလေ သူတို့မြို့နဲ့ မိုင်ရာချီဝေတဲ့တက္ကသိုလ်ကောလိပ်တွေကို လိုက်ပြလေ့ရှိတယ်။ ကောလိပ်ဆိုတာ တစ်ချိန်မှာ မဖြစ်မနေသွားရမယ့်နေရာတစ်ခုလို့ကို ကလေးတွေရဲ့ ခေါင်းထဲမှာ စွဲနေစေခဲ့တယ်။ ရိုက်စ် အင်တာဗျူးတွေမှာ သူ့ဘ၀အကြောင်းကို ပြောတိုင်း မကြာမဏထည့်ပြောလေ့ရှိတာက '' ကျမမိဘတွေက ကျမကို ကောလိပ်တက်ချင်သလား''  လို့ဘယ်တော့မှ မမေးပါဘူး ။ '' ဘယ်ကောလိပ်ကိုတက်မလဲ '' လို့သာ မေးတာပါ တဲ့။ ရိုက်စ်နဲ့ အတူပညာသင်ခဲ့တဲ့ ဆွေမျိုးသားချင်းတွေဟာလည်း အခုဆိုရင် ပညာတတ်တွေ ဖြစ်လို့ ရာထူးကြီးကြီးတွေမှာ တင့်တင့်တယ်တယ် နေနိုင်ကြသူတွေပါ ။သူတို့အားလုံးတစ်ညီတစ်ညွတ်ထဲ ပြောလေ့ရှိတာကတော့ ရိုက်စ် မိဘ တွေရဲက ကျေးဇူးဟာ သူတို့အပေါ်အများကြီးတင်နေပါတယ် တဲ့။
အသက် ၃၈ နှစ်တွင် Standford တက္ကသိုလ်၏ အသက်အငယ်ဆုံးအမျိုးသမီး provost ဖြစ်စဉ်

  •                  ရိုက်စ်အဖေရဲ့ ဘုရားကျောင်းမှာ အင်္ဂါနဲ့ ကြာသာပတေးနေ့ညတိုင်းလည်း ကျောင်းတွေက ဆရာဆရာမတွေလာပြီးလုပ်အားပေးကြတယ်။ သင်္ချာ၊ သပံ္ပ ၊ ဘာသာစကားတွေကို သင်ပေးကြတယ်။ ရိုက်စ်အမေက စန္ဒရားနဲ့အင်္ဂလိပ်စာသင်တယ်။ အနီးအနားက ကလေးတွေနဲ့ တရုံးရုံးပါဘဲ။ ဒီလိုနဲ့ အနီးအနားက ပိုက်ဆံမဲ့အနှိမ်ခံလူမဲတွေအားလုံးအတွက် ပညာရေးအ၀န်းအ၀ိုင်းကို ဖန်တီးပေးခဲ့တယ်။ ဖြစ်ချင်တော့ ရိုက်စ်တို့ အာဖရိကကလာတဲ့လူမည်းခရစ်ယာန်တွေက ဘုရားကျောင်းမှာ သီချင်းမြူးမြူးကြွကြွတွေနဲ့ ကခုန်တာလုပ်လို့ရတယ်။ ဒါတွေကလည်း ကလေးတွေကို ဆွဲဆောင်မှု ဖြစ်စေခဲ့တယ်။ ရိုက်စ်အဖေကိုယ်တိုင် ( ရိုက်စ်အဖိုးလုပ်ခဲ့သလို ) အိမ်တွေကို သွားပြီး ကလေးတွေကို ကျောင်းပို့ဖို့ မိဘတွေကို ပြောတယ်။ ပညာသင်ဆုတွေလျောက်ပေးတယ်။ သူတို့သင်ပေးလိုက်တဲ့ကလေးတွေဟာ နောက်ပိုင်းမှာ နာမည်ကြီး အားကစားသမားတွေ၊ တက္ကသိုလ်ကျောင်းအုပ်တွေ ၊ပူလစ်ဇာဆုရ စာရေးဆရာတွေ ၊နာမည်ကြီး ဂျာနယ်လစ်တွေ ၊ ဆေးရုံအုပ်တွေ စာကြည့်တိုက်မှုးတွေ ဖြစ်လာခဲ့ကြတယ် ။
၂၀ ရာစု၏ အတော်ဆုံး baseball သမား Wille Mays ( ရိုက်စ်တို့Sunday School ထွက် ၊လူမဲ )
  •               ဒီလို ပညာနံ့သင်းထုံတဲ့ အသိုင်းအ၀ိုင်းဖြစ်အောင် လုပ်ရတာ မလွယ်ပါဘူး။ ဒီလောက်လုပ်ပေးမှတော့နိုင်ငံခြားရေးဝန်ကြီး တက်ဖြစ်တာ မဆန်းပါဘူးလေ ..ငါသာဆို သမ္မတလောက်တော့အသာလေး ဖြစ်ပါတယ်လို့ စာဖတ်သူ တွေးနေလောက်ပြီနဲ့တူတယ်။ တွေးပါ။ တွေးပါ။ တားပါဘူး။ လေထဲတိုက်အိမ်ဆောက်ရတာ ပိုက်ဆံပေးရတာ မှတ်လို့။ ဒါပေမယ့် ရိုက်စ်မွေးလာတဲ့ ခေတ်ကို နည်းနည်းလေ့လာကြည့်ရအောင်။
 လူမဲတွေကို အကြမ်းဖက်နှိပ်ကွပ်သော လူဖြူများ။
  •              ကျွန်စနစ်ကို ပျက်သုန်းသွားစေတဲ့ အမေရိကန်ပြည်တွင်းစစ်ဟာ ၁၈၆၅ မှာပြီးတယ်။ ဒီတော့  ရိုက်စ်မွေးတဲ့ ၁၉၅၄ မှာ လူမည်းတွေလွတ်လပ်ရေးရတာ အတော်ကြာလှပေါ့။ဒါပေမယ့် လူမျိုးရေးစိတ်ဓါတ်ပြင်းထန်တဲ့ ကျွန်စနစ်ကို လိုလားတဲ့ လူဖြူတွေဟာ စစ်ပြီးကတည်းက နည်းအမျိုးမျိုးနဲ့ လူမည်းတွေကို နှိပ်ကွပ်လာလိုက်တာ ရိုက်စ်ကို မွေးလို့တော်တော်ကြာတဲ့အထိပါဘဲ ။အစိုးရအဖွဲ့ထဲမှာကို လူမဲမုန်းသူတွေပါနေတော့ကြောင့် ဒီနှိပ်ကွပ်မှုဟာ နှစ်ရာချီ ကြာနေခဲ့တယ် ။စစ်ပြီးပြီးချင်းကို လူဖြူအကြမ်းဖက်တွေ ပေါ်လာလို့ လူမည်းတွေဟာ ကျီးလန့်စာစား ဖြစ်နေခဲ့ရတယ်။
ရဲကပါ လူမဲကို နှိပ်ကွပ်နေပုံ
  •  ရိုက်စ်ကို မွေးတဲ့ အာလာဘားမားပြည်နယ်ဟာ ကျွန်စနစ်ခေတ်စားခဲ့ရာ အမေရိကန်တောင်ပိုင်းမှာရှိတယ်။ ရိုက်စ်တို့ ဘာမင်ဟန်မြို့မှာလည်း လူမည်းတွေ အများကြီးရှိတော့အဲဒီနှိပ်ကွပ်မှုတွေကို ခါးဆီးခံခဲ့ကြရတယ်။ ရိုက်စ် ၁၁ နှစ်အရွယ်မှာ အကြမ်းဖက်တွေက ရိုက်စ်တို့ဘုရားကျောင်းလေးနားက ဘုရားကျောင်းကြီးတစ်ခုကို ဒိုင်းနမိုက်နဲ့ဖောက်လို့ လူမဲလေးယောက်သေတဲ့အထဲမှာ သူ့အတန်းဖော်သူငယ်ချင်းတစ်ယောက်ပါသွားတယ်။ ညတွေမှာ မျက်နှာကို အုပ်ထားတဲ့လူတွေဟာ အိမ်တွေကို ၀င်စီး ပစ္စည်းယူ လူသတ်တာတွေကိုလုပ်တယ်။
အသတ်ခံထားရသောလူမဲများအား လူစဉ်ကားရာနေရာများတွင်ထားခြင့်ဖြင့် ချောက်လှန့်စဉ်
  •              သတ်ထားတဲ့ လူသေအလောင်းတွေကို လူစည်ကားရာနေရာတွေမှာ ကားစင်တင်တာတို့ သစ်ပင်မှာ ချိတ်ဆွဲတာတို့လုပ်ပြီး လူမဲတွေကို ခြောက်လှန့်ခဲ့တယ်။ အစိုးရအဖွဲ့မှာ လူမည်းတွေကို မလိုလားတဲ့ ဒီမိုကရက်တွေအာဏာရလာတော့ လူမည်းတွေကို ခွဲခြားဆက်ဆံရေး ပိုပြင်းထန်လာခဲ့တယ်။ အဲဒီမှာတင် Jim Crow Law ဆိုတဲ့ ဥပဒေပေါ်လာပါတော့တယ်။ အဲဒီဥပဒေအကြောင်းနည်းနည်း လျှာရှည်ပါရစေ။ဟဲဟဲ..ဖတ်လက်စနဲ့တော့မထူးပါဘူး။ ဆက်ဖတ်လိုက်ပါနော်။ ဗဟုသုတပေါ့ ။

  •               Jim Crow ဆိုတဲ့နာမည်က Jump Jim Crow ဆိုတဲ့ သီချင်းကလာတာပါ။ တိုတိုပြောရရင် လူမည်းတွေကို နှိမ်တဲ့သီချင်းပေါ့။ ဟိုးအရင် ကျွန်ဝါဒရှိကတည်းက လူဖြူလူရွှင်တော်တစ်ယောက်ကဆိုခဲ့တဲ့သီချင်းပါ။ သိကြတဲ့အတိုင်း Crow ဆိုတာ ကျီးကန်းမဟုတ်လား။ လူမည်းတွေကို ဆိုလိုတာပေါ့။ ဒီသီချင်းပေါ်လာပုံကို ဘယ်သူမှအသေအချာမသိပေမယ့် အရပ်စကားတစ်ခုကို ကိုးကားရရင်တော့ တစ်ခါက ကျီးကန်းတွေကို ဖမ်းချင်တဲ့ လယ်သမားတစ်ယောက်ဟာ ရွှေဥာဏ်တော်စူးရောက်စွာနဲ့ အရက်စိမ်ထားတဲ့ ပြောင်းဖူးတွေကို အိမ်ပြင်မှာချထားသတဲ့ ။ကျီးကန်းတွေက ပြောင်းဖူးစားပြီး မူးတော့တာပေါ့။ မူးတော့ မပျံနိုင်ဘဲ ဟိုယိမ်းဒီထိုးနဲ့ ဖြစ်နေချိန်မှာ လယ်သမားက တင်းပုတ်နဲ့ ထုပြီး သတ်စားပါသတဲ့။ မိုက်မဲတဲ့ ကျီးကန်းတွေ တောင်ပံမမနိုင်ဘဲ ထော့နဲ့ ထောနဲ့ ခုန်ဆွခုန်ဆွ ဖြစ်နေပုံကို ပြဖို့ သီချင်းဆိုတဲ့သူက သီချင်းတစ်ပိုဒ်ပြီးတိုင်း ခုန်ဆွခုန်ဆွလုပ်တယ်။ ဒီသီချင်းဟာ စစ်ပြီးခေတ်မှာ အနှစ်နှစ်ဆယ်ကျော်ကြာအောင် ဟုန်းဟုန်းတောက်နာမည်ကြီးခဲ့တယ်။ ဆိုတဲ့သူက မျက်နှာကို အမည်းရောင်သုတ်ပြီး စုတ်စုတ်ပြတ်ပြတ်ဝတ်ထားတဲ့ လူမည်း သူရင်းငှားတစ်ယောက်ပုံစံဖမ်းပြီး  သီချင်းစာသားကိုလည်း ပညာမဲ့ လူမည်းတွေပြောတဲ့ မပီမသ သဒ္ဒါမမှန်တဲ့ အင်္ဂလိပ်စာနဲ ဆိုထားတာပါ ။
လူမဲကို နှိမ်ဆိုထားသောJump Jim Crow သီချင်းကြော်ငြာတစ်ခု

  •               အဲ..ဆက်ရရင် ရိုက်စ်ကိုမွေးတဲ့ အချိန်မှာ အဲဒီ ဥပဒေကြီး ရှိနေတယ်။ Jim Crow Law ရဲ့ အဓိကရည်ရွယ်ချက်က လူဖြူကြီးစိုးရေး ၊လူမည်းတွေကန့်သတ်ရေး၊ လူမည်တွေမဲပေးခွင့်မရရေးပါ။ Jim Crow Law ရဲ့ ကန့်သတ်ပုံကို ဥပမာပြောရရင် လူမည်းနဲ့လူဖြူမယူရ ၊ဆေးရုံမှာ လူမည်းတွေရှိတဲ့ အဆောင်တွေဆို လူဖြူ သူနာပြု မရှိစေရ ။ ပြည်သူပိုင် သောက်ရေစင်တွေမှာ လူဖြူနဲ့ လူမည်း သတ်သတ်ခွဲသောက်ဖို့ဆိုပြီး  နှစ်နေရာခွဲထားတယ် ။ ကားမှတ်တိုင်တွေမှာ စောင့်ဖို့ နေရာကို လူဖြူသပ်သပ် လူမည်း သပ်သပ် ပေးထားတယ် ။စားသောက်ဆိုင်တွေဆိုလည်း ဒီအတိုင်းဘဲ ။
သပ်သပ်စီခွဲထားသော ရေစင်တွင် ရေသောက်နေသော လူမဲတစ်ဦး ။
  •                    လူဖြူတွေက ဆိုင်ထဲမှာ ကျကျနန စားရပြီး လူမည်းကို ကျတော့ ဆိုင်နဲ့ ခွဲထားပြီး Colored dining room လို့ကို ရေးထာတဲ့ ကားဂိုဒေါင်သာသာ နေရာကျဉ်းကျဉ်းမှာ စားစေတယ်။ ကားရထားပေါ်မှာလည်း သပ်သပ်စီ ထိုင်ရတယ် ။ ဘယ်လောက်များလူမဲမုန်းသလဲဆိုရင် တစ်ချို့ နေရာတွေမှာဆို ခွေးနဲ့ နီဂရိုး မ၀င်ရ လို့ကို ရေးထားတယ်။
လူမဲမုန်းတီးရေးဆိုင်းဘုတ်တစ်ခု
စားသောက်ဆိုင်တစ်ခုတွင် လူမဲများအတွက်သပ်သပ်ခွဲထားသော နေရာ
  •                အဖြူနဲ့ အမည်း ကျောင်းအတူ မတက်ရဘူး ။လူဖြူနဲ့ လူမဲကြားမှာ စာအုပ်ဘာညာ ငှားတာမျိုးမလုပ်ရဘူး ။ လူဖြူကလေးက အတန်းကြီးသွားလို့ ဖတ်စာအုပ် အဟောင်းလေးတွေ ဟို လူမဲလေးးကို ပေးလိုက်ပါဦးမယ်လို့ မရှည်မိစေနဲ့ဆရာ ..မရဘူးဆိုမရဘူး ။ လူမည်းစာအုပ်လူမည်းပေးသုံး လူဖြူကစာအုပ် ပေးချင်ရင် လူဖြူကိုဘဲ ပေး။ ရုပ်ရှင် ပြဇာတ်တို့လည်းအတူမကြည့်ရဘူး ။ အများသုံး တယ်လီဖုန်းတွေဆိုလည်း သပ်သပ်စီ။ လူမဲ မုတ်ဆိတ်ရိတ်သမားဟာ လူဖြူကို ရိတ်ပေးလို့ မရဘူး။ သေတာတောင် လူဖြူ လူမဲ အတူမမြုပ်ရဘူး ။ အလုပ်အကိုင်ဆိုရင်လည်း လူဖြူကိုသာ ဦးစားပေးတယ် ။ လူလိုကြောင်း ကြေငြာတာကိုက White Only ဆိုတာမျိုး။

  •  လူဖြူတွေသွားတဲ့ ပန်းခြံတို့ အပန်းဖြေနေရာတို့ကို လူမည်းတွေ မလာရဘူး။ အိမ်ခန်းတိုက်ခန်းငှားတာတောင် အဲဒီအဆောက်အဦးမှာ လူဖြူတစ်ယောက်လောက် ငှားနှင့် နေနှင့်ပြီးသား ဖြစ်နေတာနဲ့ လူမည်းကို မတင်ရတော့ဘူး။ အဲဒါ သဘောကောင်းတဲ့ လူဖြူက ငှားလိုက်ပါမယ်လေ လို့ သွားမလုပ်နဲ့ ။ လူဖြူပေမယ့်ဒီဥပဒေကို မလိုက်နာရင် အနည်းဆုံး ဒဏ်ငွေ နဲ့ ကံမကောင်းရင် ထောင်ကျဘဲ ။ကဲ...အဲလိုနေရာမှာ လူဖြစ်လာရတဲ့ ရိုက်စ်ရဲ့ဘ၀ကို လွယ်တယ်လို့တော့ဆိုလို့မရဘူး မဟုတ်လား။ ဒါကြောင့် ရိုက်စ်က နိုင်ငံခြားရေးဝန်ကြီးဖြစ်လာတဲ့အခါ ပြောတဲ့ မိန့်ခွန်းတစ်ခုမှာ  
                '' When America's founding father said '' we the people '' , they didn't mean me. ''
  အမေရိကန်နိုင်ငံကို တည်ထောင်ခဲ့တဲ့ခေါင်းဆောင်ကြီးတွေက '' တို့ပြည်သူတွေ'' လို့ ဆိုတဲ့စကားဟာ ကျမကိုတော့ မရည်မရွယ်ခဲ့ပါဘူး လို့ ပြောဖူးပါတယ် ။( ၀မ်းနည်းဒယ်..ဟင့်..ဒကယ်ပြောတာ )
 လူမဲများအတွက်ကန့်သတ်ထားသောနေရာတွင် လူမဲတစ်ဦး ကားစောင့်စဉ်
  •                 သမီးကို အနှိမ်ခံမဖြစ်စေလိုတဲ့ ရိုက်စ်မိဖတွေဟာ ရိုက်စ်ကို  အတတ်နိုင်ဆုံး အိမ်ပစ္စည်းတွေကို သုံးစေခဲ့တယ်။ လူဖြူလူမဲခွဲသုံးရတဲ့ အများသုံးနေရာက ပစ္စည်းတွေကို မသုံးစေခဲ့ဘူး။ တစ်ခါက ရိုက်စ်နဲ့ သူအမေဟာ အကျီင်္ဆိုင်တစ်ဆိုင်မှာ အင်္ကျီဝယ်တော့ ဆိုင်ကစာရေးမက ရိုက်စ်ကို လူမည်းတွေအတွက်ထားတဲ့ အစမ်းဝတ်ခန်းကို သွားခိုင်းတယ်။ ရိုက်စ်အမေဟာ ဆိုင်စာရေးမကို အတိုက်အခံပြောပြီးတော့ကို သမီးကို လူဖြူအတွက်ထားတဲ့ အခန်းကို သွားစေခဲ့တယ်။ ရိုက်စ်အဖေဟာ ရိုက်စ်ကို အိမ်ဖြူတော်ရှေ့ကို ခေါ်သွားပြီး '' သမီး ၊ အခုအချိန်မှာသမီးဟာ မိုးမျှော်တိုက်ပေါ်တက်ပြီး လူဖြူတွေနဲ့ ဟမ်ဘာဂါ အတူစားလို့ရချင်မှရမယ်။ ဒါပေမယ့် အမေရိကန်သမ္မတတော့ ဖြစ်လာနိုင်ပါတယ် '' လို့ ပြောဖူးတယ်။ ဒီစကားကို ရိုက်စ်နားလည်ထားလိုက်တာကတော့ သူဟာ သူများထက် နှစ်ဆပိုတော်နေမှ ဖြစ်မယ် ဆိုတာပါဘဲ။

ငယ်စဉ်က အိမ်ဖြူတော်ရှေ့မှာ
  •                   အသက် ၃ နှစ်မှာ ရိုက်စ်ဟာ စန္ဒရားတီးတာရယ် ၊ ဘဲလေးကတာရယ် ၊ ရေခဲပြင်ပေါ်မှ အလှပြ စကိတ်စီးတာရယ်၊ ပြင်သစ်စာရယ်ကို သင်ယူခဲ့တယ်။ အသက် ၅ နှစ်မှာ သူ့အမေနဲ့လိုက်ပြီး ဘုရားကျောင်းမှာ စန္ဒရားဝင်တီးနေပါပြီ။
သုံးနှစ်အရွယ် ဘဲလေးအက သင်နေတဲ့ရိုက်စ်
  •                စန္ဒရားဆရာမဖြစ်တဲ့ သူ့အမေကြောင့်ငယ်ငယ်ကတည်းက ဂီတနဲ့အကျွမ်းဝင်ပြီး အခုအချိန်ထိ စန္ဒရားကို အမြတ်တနိုးတီးဆဲပါဘဲ။ ရိုက် ၁၀ နှစ်လောက်မှာ သူ့အမေကို '' စန္ဒရားမတီးချင်တော့ဘူး အမေရယ်'' လို့ ပြောဖူးသတဲ့။ ဒီတော့ သူ့အမေက '' သမီးက စန္ဒရားမတီးတော့ဘူး လို့ ပြောနိုင်ရလောက်အောင် စန္ဒရားကို ကျွမ်းကျင်နေပြီးလား ၊အဲဒီလို ပြောနိုင်လောက်အောင် အသက်အရွယ်ကို ရောက်ပြီးလား '' လို့ ပြောပြီး အတင်းဆက်သင်ခိုင်းပါတယ်။ ဒီလိုနဲ့ ဆက်သင်လိုက်တာ ခုဆို ကမ္ဘာကျော် ဂီတပညာရှင်တွေနဲ့တွဲပြီး ဖျော်ဖြေမှုတွေ များစွားလုပ်နိုင်ခဲ့တယ်။ အင်္ဂလန်ဘုရင်မကြီးရဲ့ နန်းတော်မှာတောင် တီးပြနိုင်ခဲ့တယ်။ ဒါနဲ့ ကွန်ဒိုလီဇာ ဆိုတဲ့နာမည်ကလည်း con dolcezza ဆိုတဲ့ အီတလီ ဂီတစကားတစ်ခုလာတာပါ ။ con ဆိုတာ အီတလီဘာသာမှာ နှင့် (with) လို့ အဓိပ္ပါယ်ရပြီး dolcezza ကတော့ ချိုသာနူညံ့ခြင်း( sweetness ) လို့ ဆိုလိုပါတယ်။
ကမ္ဘာ့အတော်ဆုံး တယောပညာရှင် ရိုရိုမ နှင့် ။
  •                     ဒီလိုနဲ့ ကွန်ဒိုလီဇာရိုက်စ်လေးဟာ အသက် ၁၅ နှစ်မှာ ဒန်ဗာ မြို့က တက္ကသိုလ်ကို ချောချောမောမောနဲ့ရောက်လာပါတော့တယ်။ ဒါပေမယ့် မကြာခင်မှာဘဲ သူ့အမေရဲ့ ကင်ဆာ သတင်းဆိုးကို ကြားရပါတော့တယ်။ ရိုက်စ် အမေဟာ နောက်ထပ် ၁၅ နှစ် အသက်ရှင်နေထိုင်သွားနိုင်ခဲ့ပေမယ့် ရိုက်စ်ဟာ အဲဒီအချိန်တွေမှာ နေ့တိုင်းနေ့တိုင်း သူ့အမေကို ပူပန်ပြီးနေခဲ့ရတယ်။ အစကတော့ ဒန်ဗာတက္ကသိုလ်မှာ ရိုက်စ်ဟာ ငယ်ငယ်ကတည်းက တစိုက်မတ်မတ်တီးခဲ့တဲ့ စန္ဒရားပညာနဲ့ ဘွဲ့ယူမလို့ဘဲ။ ဒါပေမယ့် တစ်နေ့မှာ ကမ္ဘာ့အဆင့် ပြိုင်ပွဲတစ်ခုမှာ စန္ဒရားကို တဖက်ကမ်းခပ် တီးနေတဲ့ ၁၁ အရွယ်ကလေးတစ်ယောက်ဟာ ရိုက်စ်ရဲ့ အတွေးတွေကို ပြောင်းလဲပစ်စေခဲ့ပါတယ်။ အဲဒီကလေးဟာ စန္ဒရားပညာမှာ ရိုက်စ် တစ်နှစ်လုံး သင်ခဲ့ရတာကို တစ်ခါကြားရုံနဲ့ တီးပြနိုင်တာကိုတွေ့တော့ ရိုက်စ်ဟာ အတော်လေး လေသွားတယ်။ သူတော်တယ်ဆိုတာ ပါရမီရှိတဲ့သူနဲ့ယှဉ်ရင် ဘာမှမဟုတ်ပါလားလို့ ပေါက်သွားသတဲ့။ဒီတော့ စန္ဒရားနဲ့ ဘ၀အသက်မွေးဝမ်းကြောင်းလုပ်ဖို့ အရေးကို စွန့်လွှတ်လိုက်ပါတော့တယ်။ တက္ကသိုလ်မေဂျာကို စန္ဒရားကနေ နိုင်ငံရေးသိပ္ပံ ပြောင်းတော့မယ်ဆိုတော့သူ့အမေနဲ့အဖေဟာ အတော်လေး စိတ်ဆင်းရဲသွားတယ်။ သူ့အဖေက '' သမီးရယ်၊ လူမဲတွေ နိုင်ငံရေးသိပ္ပံ ပညာနဲ့ဘယ်လောက်များ အလုပ်ဖြစ်မှာလဲ '' လို့တားစကားဆိုတော့ ရိုက်စ်က '' ဂီတနဲ့လည်း အလုပ်ဖြစ်မယ်မထင်ပါဘူး အဖေ ''  လို့ပြန်ပြောပြီး မေဂျာကို ပြောင်းဖြစ်အောင်ပြောင်းလိုက်ပါတယ်။
ဒန်ဗာတက္ကသိုလ်ကျောင်းသူ ၁၅ အရွယ် ရိုက်စ်
  •                   ဒါလိုပြောင်းလိုက်တာဟာ နောက်ပိုင်းမှာ ရိုက်စ်တစ်ယောက် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာဖို့လမ်းစပါဘဲ။ နိုင်ငံရေးသိပ္ပံဘာသာမှာ ရိုက်စ်ရဲ့ ဆရာက ဂျူးလူမျိုး ဂျိုးဇက် ကော်ဘယ် Jorsef Korbel ပါဘဲ။ ဂျိုးဇက်ဟာ နာဇီတွေနဲ့ ကွန်မြူနစ်တွေရဲ့ရန်ကြောင့် ထွက်ပြေးလာရတဲ့ ချက် Czech နိုင်ငံသား သံတမန်ဟောင်းဖြစ်ပြီး အမေရိကန်မှာ နိုင်ငံရေးခိုလှုံနေသူပါ။ ဂျိုးဇက်ရဲ့သမီးက နောက်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာမယ့် မယ်ဒလင်အောဘရိုက် Madeleine Albright ပါဘဲ။ မြန်မာ့အရေးကို အမြဲတမ်း အားပေးကူညီခဲ့သူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အရမ်းခင်မင်လေးစားသူဖြစ်ပါတယ်။ ဂျိုးဇက်တို့ ဂျူးမိသားစုတစ်ခုလုံးဟာ ရိုက်စ်နဲ့ အရမ်းခင်မင်ခဲ့ပြီး ဂျိုးဇက်ဟာ ရိုက်စ်ရဲ့ လမ်းပြသူ mentor တစ်ယောက်ဖြစ်လာခဲ့ပါတယ်။မယ်ဒလင်အောဘရိုက်နဲ့ ရိုက်စ်တို့နှစ်ယောက်ဟာ အတန်းထဲမှာ အတော်ဆုံးကျောင်းသားတွေ ဖြစ်ခဲ့ပါတယ်။ ( မယ်ဒလင်အောဘရိုက်ဟာ သူနိုင်ငံခြားရေးဝန်ကြီး မဖြစ်ခင် တစ်နှစ်အလို ၁၉၉၅ မှာမြန်မာပြည်ကိုလာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ဖူးတယ် )
 မြန်မာ့အရေးကို အမြဲအားပေးခဲ့သော မယ်ဒလင်အောဘရိုက် ၁၉၉၅ တွင် မြန်မာပြည်သို့လာစဉ်ဒေါ်စုနဲ့တွေ့
  •                   အသက် ၁၉ နှစ်မှာ ရိုက်စ်တစ်ယောက် ဂုဏ်ထူးတွေ တစ်သီကြီးနဲ့ ဘွဲ့ရပြီး Notre Dame တက္ကသိုလ်မှာ မာစတာဘွဲ့ကို တက်ပါတယ်။ သူဟာ အဲဒီကတည်းက ဆိုဗီယက်အရေးကျွမ်းကျင်သူဖြစ်ဖို့ လမ်းပေါ်ရောက်နေပါပြီ။( အဲဒီတုန်းက ရုရှားနိုင်ငံဟာ မပြိုကွဲသေးဘဲ ဆိုဗီယက်နိုင်ငံအဖြစ်နဲ့ ရှိနေတုန်းပါ )။ ရိုက်စ်ဟာ ရုရှားနဲ့ပတ်သက်သမျှကို အရူးအမူး စိတ်ဝင်စားသူဖြစ်တယ်။ သူစီးတဲ့ ကားကိုတောင် ရုရှားနိုင်ငံရေးသမားတစ်ယောက်ရဲ့ နာမည် Boris လို့ပေးထားပါတယ်။ မာစတာဘွဲ့ရအပြီးမှာ ဒန်ဗာတက္ကသိုလ်ကို ပြန်လာပြီး ပါရဂူဘွဲ့ကိုယူတယ်။ ဒီနောက် အသက် ၂၆ နှစ်မှာ နာမည်ကြီးတက္ကသိုလ်တစ်ခုဖြစ်တဲ့ စတန်းဖို့ဒ် Standford မှာ လက်ထောက်ကထိက ဖြစ်လာပါတယ်။


  •                   ငယ်ရွယ်တဲ့ထက်မြက်တဲ့ရိုက်စ်တစ်ယောက် လူတိုင်းရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့တယ်။ အဲမှာ စတွေ့တာဘဲ။ Bush ရဲ့အဖေ Bush ကြီးနဲ့လေ။ ( သမ္မတ George W .Bush ဟာ အမေရိကန်ရဲ့ ၄၃ ယောက်မြောက် သမ္မတ ဖြစ်သလို သူ့ အဖေ George H.W Bush ကလည်း ၄၁ ယောက်မြောက် သမ္မတ ဖြစ်တယ်။ သားအဖ နှစ်ယောက်ရဲ့နာမည်များ မှည့်စရာရှားလို့နော်။ H ကလေးဘဲကွဲတယ်။ မျက်စိလည်စရာ )။ အဖေ Bush ကြီးလက်ထက်မှာ နိုင်ငံတော် လုံခြုံရေး အကြံပေးဖြစ်လာတာက Brent Scowcroft ဆိုသူပါ။ သူဟာ ၁၉၈၇ မှာ တက္ကသိုလ် ကွန်းဖရန့်စ် တစ်ခုမှာ ရိုက်စ်ကို မျက်စိကျသွားပါတယ်။ ဒီမဲမဲသဲသဲ ထက်ထက်မြက်မြက်နဲ့ ဆိုဗီယက်အကြောင်းကို ဖင်ပြန်ခေါင်းပြန်သိသူလေးဟာ ဘူလေးလဲပေါ့ ။ ဒီလိုနဲ့အဲဒီလူကြီးကောင်းမှုနဲ့ ရိုက်စ်တစ်ယောက် အဖေဘုရှ် ကြီးရဲ့ အစိုးရအဖွဲ့ထဲမှာ ဆိုဗီယက်ကျွမ်းကျင်သူရာထူးကို တန်းရသွားပါတယ်။ ဆိုဗီယက်နိုင်ငံကြီး ပြိုကွဲချိန်မှာ ဘုရှ်ကြီးဘေးကနေ အကြံပေးကူညီခဲ့တယ်။ အဲဒီကနေ ဖေဖေ ဘုရှ်ကြီးက ရိုက်စ်ကို သားသားဘုရှ်ကလေးနဲ့ မိတ်ဆက်ပေးပြီး သူ့သားကို ဆိုဗီယက်အကြောင်းကို သင်ပေးခိုင်းပါသတဲ့။ဒီလိုနဲ့ ရိုက်စ်တစ်ယောက် ဘုရှ်တို့မိသားစုရဲ့ အမြှောက်စားခံဘ၀ကိုရောက်လာပါတော့တယ်။ နောက်ပိုင်းမှာ သားဘုရှ် သမ္မတဖြစ်တော့ ရိုက်စ်အကြောင်းပြောတိုင်း ကျနော့်ကို ရှရှားနဲ့ပတ်သက်တာ အကုန်သင်ပေးခဲ့သူ လို့ အမြဲပြောလေ့ရှိပါသတဲ့ ။ဒီလိုနဲ့ ''တားတားရဲ့ ချာမ '' ရိုက်စ်လည်း တားတားရဲ့ သမ္မတ ပထမသက်တမ်းမှာ နိုင်ငံတော် လုံခြုံရေး အကြံပေး ဖြစ်လာပြီး ဒုတိယသက်တမ်းမှာတော့ အမေရိကန်နိုင်ငံရဲ့ ၆၆ ယောက်မြောက် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာပါတော့တယ်။ ( မှတ်ချက်။ ၆၄ ယောက်မြောက်မှာ ရိုက်စ်၏ သူငယ်ချင်းလည်း ဖြစ် ရိုက်စ်ဆရာ၏ သမီးဖြစ်သူ မယ်ဒလင်အောဘရိုက် ၊ ၆၅ ယောက်မှာ ရိုက်စ်ကဲ့သို့ လူမဲဖြစ်သူ Colin Powell နဲ့ ယခု ဟီလာရီ ကလင်တန်ကတော့ ၆၇ ယောက်မြောက် ဖြစ်သည်။ ).
 
( မဆန့်တော့လို့ နောက်မှဆက်တော့မယ်နော်။ ပထမဆုံးရေးတာဖြစ်လို့အပိုအလိုအမှား ပါရင်ခွင့်လွှတ်ကြပါကုန်  )
အမေရိကန်စစ်သည်တော်များနဲ့ ရိုက်စ် အီရတ်မှာ
>>>Read more>>> >>

Monday, 21 November 2011

စစ်အာဏာရှင်စနစ်ကို ဇာတ်သိမ်းစေခဲ့တဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်အမျိုးသမီး


မောင်မောင်ဝမ်း။ နိုဝင်ဘာ ၆၊ ၂၀၁၁

ခေါင်းစဉ်ကိုရုတ်တရက်ကြည့်လိုက်တော့ဒေါ်အောင်ဆန်းစုကြည်အကြောင်းလိုလို ဘာလိုလိုနဲ့။ ဒါပေမယ့် ရိုးတိုးရိပ်တိတ်အဆင့်ထက် ကျော်လွန်တဲ့တူညီမှုတွေရှိနေတဲ့ အာဖရိကတိုက်၊ လိုက်ဘေးရီးယားနိုင်ငံက အမျိုးသမီးသမ္မတ အယ်လင်ဂျွန်ဆင်ဆာလိ..ရဲ့ တစိတ် တဒေသပါ။ လိုက်ဘေးရီးယားနိုင်ငံရဲ့သမိုင်းကလည်း စိတ်ဝင်စားဘို့ကောင်းလှတယ်ဗျ။ ရင်ခုန်စရာတွေ၊ အသည်းယားစရာတွေ၊ ကြောက် စရာတွေအပြည့်နဲ့။ ယူတတ်မယ်ဆို သင်ခန်းစာတွေ တပုံကြီး။
၁၉၈၀ အထိ လိုက်ဘေးရီးယားနိုင်ငံဟာ တပါတီအုပ်ချုပ်ရေးပုံစံနဲ့ အုပ်ချုပ်တယ်။ ၁၉၈၀ မှာတော့ စစ်တပ်ကအာဏာသိမ်းယူပြီး အပြင်း အထန်နှိပ်ကွပ်မှုတွေ၊ သတ်ဖြတ်မှုတွေအမြောက်အများကို ကျူးလွန်တော့တာပါပဲ။ စစ်အာဏာသိမ်းမှုကို ဦးဆောင်သူက ဆင်မြူရယ် ဒိုး ဆိုသူဖြစ်တယ်။သူဟာ အရင်အစိုးရလက်ထက် သမ္မတ ၀ီလျှံတွိုင်းဘတ်ဆိုသူအပါဝင် အစိုးရအဖွဲ့ဝင်တော်တော်များများကို လိုက်ဘေးရီးယားနိုင်ငံရဲ့မြို့တော် မွန်ရိုးဗီးယားဆိုတဲ့မြို့ရဲ့ကမ်းခြေတခုမှာ သစ်လုံးတိုင်မှာ ကပ်တန်းစီပြီး သေနတ်နဲ့ပစ်သတ်လိုက်တယ်။ နောက်များမှာ လည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ လဒ်ပေး လဒ်ယူမှုတွေ၊ အာဏာအလွှဲသုံးစားလုပ်မှုတွေတပြုံကြီးကို ဆက်လက်ကျူးလွန် ရင်း တိုင်းပြည်ဟာ လုံးပါးပါးလာခဲ့တော့တယ်။ စစ်အာဏာသိမ်းခေါင်းဆောင် ဆင်မြူရယ်ဒိုးဟာ အရင်အစိုးရလက်ထက် သမ္မတဟောင်း နဲ့ အစိုးရအဖွဲ့ဝင်ဟောင်းတွေကို သတ်ဖြတ်ခဲ့တုန်းကများဆိုရင် အဲဒီညမှာ အောင်သေအောင်သား စားပွဲသဘင်တောင်ကျင်းပရင်း တရားသောစစ်ပွဲကိုဆင်နွဲခဲ့တဲ့စစ်သူကြီးတဦးပမာ ဂုဏ်ယူဝံ့ကြွားမှုအပြည့်နဲ့ပေါ့။


ဒီလိုနဲ့ ဆင်မြူရယ်ဒိုးအစိုးရအဖွဲ့ထဲက ချားတေလာဆိုသူကို သူက ဒေါ်လာတသန်းလဒ်စားမှုနဲ့ ထောင်ချပစ်လိုက်တယ်။ ချားတေလာ က ထောင်ကလွတ်လာတော့ လိုက်ဘေးရီးယားနိုင်ငံမှာမနေတော့ပဲ နိုင်ဂျီးယားနိုင်ငံထဲကို ထွက်ပြေးသွားခဲ့တယ်။ လူသူလက်နက်စုဆောင်း ပြီး ဆင်မြူရယ်ဒိုးကိုတော်လှန်တော့တာပဲ။ အဲဒီမှာတင် လိုက်ဘေးရီးယားနိုင်ငံပြည်တွင်းစစ်ဟာ အကြီးအကျယ်စတင်ဖြစ်ပွားခဲ့တယ်။ ပြည်သူလူထုတရပ်လုံးကလည်း ဆင်မြူရယ်ဒိုးအစိုးရကို မကျေနပ်တော့ဘူး။ တော်လှန်သူ ချားတေလာကိုလည်း သွားလေသူ လစ်ဗျား ခေါင်းဆောင် ကဒါဖီက သွေးထိုးမြှောက်ပေးတယ်။ ချားတေလာရဲ့လက်နက်ကိုင်တပ်တွေဟာ တဖြည်းဖြည်းနဲ့ လိုက်ဘေးရီးယားနိုင်ငံကိုသိမ်းပိုက်လာရင်း ချားတေလာနဲ့လက်တွဲဖော် မင်းသားဂျွန်ဆင်ဆိုသူက တခါ ချားတေလာနဲ့ လမ်းခွဲလိုက်ပြန်ရော။ ဒါပေမယ့် သူတို့နှစ်ဦးက သဘောထားမတ့ကြပေမယ့် ဆင်မြူရယ်ဒိုးကိုတော်လှန်တဲ့နေရာမှာတော့ တပြိုင်နက်ထဲတော်လှန်တိုက်ခိုက်ကြတယ်။ လိုက်ဘေးရီး ယားနိုင်ငံကြီးတခုလုံးဟာ စစ်တလင်းပြင်ဖြစ်ခဲ့ရတယ်လေ။ တနေ့မှာတော့ မင်းသားဂျွန်ဆင်ရဲ့သူပုန်တပ်တွေက မြို့တော် မွန်ရိုးဗီးယားကို ၀င်တိုက်ခိုက်ရာက စစ်အာဏာရှင်သမ္မတ ဆင်မြူရယ်ဒိုးကို အရှင်လက်ရဖမ်းဆီးနိုင်ခဲ့တယ်။ ဒီတခါ အောင်သေအောင်သား အစားခံရသူက ဆင်မြူရယ်ဒိုး …။
အခန်းကျယ်ကျယ်တခုမှာ မင်းသားဂျွန်ဆင်က စားပွဲခုံနောက်က ထိုင်ခုံပေါ်မှာထိုင်ရင်း ဘီယာသောက်အမြည်းစားမပျက် စကားတွေခြွေ လို့ ယက်ခပ်ပေးသူနဲ့၊ မျက်နှာသုတ်ပေးသူနဲ့ သမ္မတဟောင်း ဆင်မြူရယ်ဒိုးခမျာ အ၀တ်စားမဲ့ ခန္ဓာကိုယ်ကို လက်ပြန်ကြိုးတုတ်ရင်း ကြမ်း ပြင်ပေါ်မှာ ရာဇအိနြေ္ဒမရှိ၊ အရူးကြီးတယောက်လိုပဲ။ မင်းသားဂျွန်ဆင်ကိုလည်း မင်းသား မင်းသားနဲ့ခေါ်ရင်း ဆင်ခြေပေးနေရတာလည်း အမောသား။ ဒီလိုနဲ့ အပြန်အလှန်ပြောနေရင်းက မင်းသားဂျွန်ဆင်ရဲ့တပ်သားတွေက သမ္မတဟောင်း ဆင်မြူရယ်ဒိုးကိုဆွဲလှဲပြီး နားရွက် တဘက်ကို အစိမ်းလိုက်ဖြတ် သူ့ဗိုက်ပေါ်တင်ထားလိုက်တယ်။ ခန္ဓာကိုတခုလုံးကိုလည်း ဓါးနဲ့ခပ်ပါးပါးလိုက်မွှမ်း ရဲဘော်တွေက ခြေ ထောက်တွေနဲ့ သူ့ခေါင်းပေါ်သူ့ပုခုံးပေါ်ကိုတက်နင်းထားရင်း ဂုဏ်ယူလို့။ အပြုံးတွေကိုယ်စီနဲ့ (တခါက ဆင်မြူရယ်ဒိုးလည်း သူ့အရင် သမ္မတဟောင်းကို ဒီလိုသတ် ဒီလိုပျော်ခဲ့ဘူးပါတယ်) နောက်တော့ သတ်ပစ်လိုက်တယ်။

ဆင်မြူရယ်ဒိုး ရက်ရက်စက်စက် အသတ်ခံလိုက်ရပြီး လိုက်ဘေးရီးယားနိုင်ငံကို ချားတေလာက ဆက်လက်အုပ်ချုပ်ခဲ့တယ်။ ချားတေ လာက တခါ မင်းသားဂျွန်ဆင်နဲ့တပ်ဖွဲ့တွေကို နှိပ်ကွပ်လို့ ပြည်တွင်းစစ်က မဆဲ။ မင်းသားဂျွန်ဆင်လည်း မနိုင်တော့တဲ့အဆုံး သူလည်း နိုင်ဂျီးရီးယားနိုင်ငံထဲကိုထွက်ပြေးခဲ့ရတယ်လေ။ အဲဒီရောက်တော့ သူတော်တော်တရားကျသွားပုံရတယ်။ ခရစ်ယာန်ဘာသာကို လေးလေး နက်နက်ခံယူယုံကြည်ပြီး ဘာသာရေးအဆုံးအမတွေနဲ့ ကျင့်ကြံနေထိုင်ခဲ့တယ်။ သူရက်စက်ခဲ့တဲ့ ဆင်မြူရယ်ဒိုးမိသားစုနဲ့ နိုင်ဂျီးရီးယားမှာ ဆုံလိုက်ရတဲ့အခါမှတော့ သူတော်တော်ကြေကွဲသွားတယ်လို့ စာထဲမှာဖတ်လိုက်ရပါတယ်။
အာဏာရှင်ကို လက်နှက်ကိုင်ဆန့်ကျင်တော်လှန်ရင်း အာဏာရယူခဲ့တဲ့ ချားတေလာလည်း သူ့ထက်သူလူစွမ်းကောင်းဖြစ်လာတယ်လေ။ ပထမပိုင်းမတော့ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေ ဘာတွေ ကျင်းပပေးသေးတယ်ဗျ။ အဲဒီရွေးကောက်ပွဲမှာ အခုသမ္မတဖြစ် နေတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အဲလင်လည်း ၀င်ယှဉ်ပြိုင်ခဲ့သေးတယ်။ ဒါပေမယ့် သူမနိုင်ဘူး။ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ဆိုတာကိုတော့ နိုင်ငံတကာကလေ့လာသူများက ၀န်ခံခဲ့တယ်။ တဖြည်းဖြည်းနဲ့ ချားတေလာရဲ့အာဏာရှင်စရိုက်တွေဟာ တော်တော်ဆိုး လာတယ်။ သူလည်း ရှေ့က ဆင်မြူရယ်ဒိုးလို လူတွေအများကြီးသတ်၊ ထောင်ချ၊ ရက်ရက်စက်စက်နှိပ်ကွပ်ခဲ့တာ (ဒီလိုလူကို လူထုက ဘာလို့ ထောက်ခံမဲတွေပေးပြီး နိုင်ငံတော်အကြီးအကဲအဖြစ်ရွေးချယ်ခဲ့တာလည်းဆိုတော့ သူ့ကိုသာအနိုင်မပေးရင် ပြည်တွင်းစစ်ဟာ နောက်တကျော့ ကြီးကြီးကျယ်ကျယ်ပြန်ဖြစ်လာမှာကို လူထုက သိနေတယ်လေ)။

လိုက်ဘေးရီးယားနိုင်ငံမှာ အဲဒီကာလများစွာက လူငယ်တွေရဲ့ခေါင်းထဲမှာစွဲနေတာ လက်နက်ရှိရင် အာဏာရှိတယ်။ တလက်ရှိရင် တလက်အာဏာ၊ နှစ်လက်ရှိရင် နှစ်လက်အာဏာ၊ အများကြီးရှိရင် အများကြီးအာဏာတည်တယ်တဲ့။ အာဏာရှိသူက အာဏာမဲ့သူကို အရာရာအနိုင်ကျင့်တယ်။ သူတို့နဲ့ အင်တာဗျူးတဲ့ဗွီဒိယိုကိုကြည့်လိုက်ရတဲ့အချိန်မှာ ကိုယ့်နိုင်ငံအတွက် ရတက်မအေးဖြစ်မိတာအမှန်ပဲ။
ချားတေလာလက်ထက်မှာ ကမ္ဘာမှာနံမည်ကြီးတာတခုရှိတယ်။ အဲဒါ ဘာလည်းဆိုတော့ လိုက်ဘေးရီးယားနိုင်ငံကထွက်တဲ့စိန်ကို သွေးစွန်း နေသောစိန်များဆို သတ်မှတ်ပြီး သပိတ်မှောက်ခံရတာပါပဲ။ ချားတေလာရဲ့တပ်သားတွေဟာ စိန်ထွက်ရာအရပ်တွေမှာ စိန်ရှာဖွေလို့ရတဲ့ နိုင်ငံသားတွေကို ပစ္စည်းလည်းယူ လူလည်းအပျောက်ရှင်းဆိုတာမျိုးတွေ၊ လူတွေကို မတရားခိုင်းစေပြီး စိန်အရှာခိုင်းတဲ့အတွက် သေကြေ ကြတဲ့လူဦးရေဆိုတာ သိန်းနဲ့ချီရှိခဲ့ပါတယ်။ နောက်တော့ ချားတေလာကိုဆန့်ကျင်တဲ့ လက်နက်ကိုင်သူပုန်တွေက တိုက်ခိုက်ကြပြန်တော့ပြည်တွင်းစစ်မီးဟာ တဟုန်ငြီးငြီးတောက်လောင်ရပြန်ရှာတယ်။ သူကလည်း ပတ်ဝန်းကျင်နိုင်ငံတွေနဲ့မတဲ့ဘူး။ အဲဒီနိုင်ငံတွေကို ဆန့်ကျင် တဲ့အင်အားစုတွေကို သူက အထောက်အပံ့ပေးတယ်။ သူကိုယ်တိုင်ကလည်း ကဒါဖီလို နာမည်ဆိုးနဲ့ကျော်ကြားတဲ့သူရဲ့အထောက်အပံ့ တွေကို စဉ်ဆက်မပြတ်လက်ခံတယ်။ အဲဒီတော့ ပတ်ဝန်းကျင်နိုင်ငံတွေက သူ့ကိုအမြင်ကပ်လို့ ဆန့်ကျင်တဲ့သူပုန်အင်အားစုတွေကို အထောက်အပံ့ပြုတယ်။ သူပုန်အင်အားစုတွေက အင်အားကောင်းလာပြန်တယ်။ လိုက်ဘေးရီးယားရဲ့ပြည်တွင်းစစ်မီးမှာ ထပ်တခါ ပြည်သူတွေ အများအပြား သေကျေပျက်စီး၊ အငတ်ဘေးဆိုက်နဲ့ နိုင်ငံတကာငြိမ်းချမ်းရေးတပ်များအပါဝင် အကူညီတွေနဲ့ဝင်ရတဲ့အခြေနေကို ဆိုက်ရောက်လာတော့မှ ချားတေလာလည်း နိုင်ဂျီးယားနိုင်ငံဆီကို ထွက်ပြေးသွားတော့တယ်။ နိုင်ငံကို သူ့လက်အောက်က ဒုသမ္မတနဲ့လွှဲ ပြောင်းထားပေးခဲ့တယ်။ အာဏာရှင်ကိုတော်လှန်ရင်း အာဏာရှင်တွေဖြစ်ကုန်၊ နောက်ထပ်အာဏာရှင်လုပ်ချင်နေသူများက ပြည်တွင်းစစ် ကိုဖန်တီးနဲ့ လိုက်ဘေးရီးယားနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲက တနိုင်ငံဖြစ်ခဲ့တယ်။ ချားတေလားလည်း နိုင်ငံတကာရာဇ၀တ်ခုံရုံး မှာ စစ်ရာဇ၀တ်မှုတွေနဲ့ တရားစွဲခံရပြီး ရင်ဆိုင်နေရတာ ခုထိပါပဲ။ တရားကျစရာတခုက နိုင်ငံတကာရာဇ၀တ်ခုံရုံးမှာတရားစွဲဆိုဘို့ သူ့ကို ဖမ်းဆီးပြီးပို့တော့ လေယာဉ်ပေါ်ကအဆင်းရိုက်ထားတဲ့ပုံထဲမှာ လက်ထိပ်ကလည်း ခပ်ထားခံရတော့သူ့မျက်နှာဟာ ဇီးရွက်လောက်လေး ပဲရှိတယ်။

● နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အယ်လင်ဂျွန်ဆင်ဆာလိ
သူ့ကို တချို့က အယ်လင်လို့လည်းခေါ်တယ်။ တချို့ကတော့ ဆာလိလို့ခေါ်ကြတယ်။ ပညာတတ်တယောက်ဖြစ်ပြီး ၊ အမေရိကန် ဟားဗတ် တက္ကသိုလ်က စီးပွားရေးပညာရပ်နဲ့ မဟာဘွဲ့ရခဲ့သူဖြစ်တယ်။ သူက သမ္မတ ၀ီလျှံတွိုင်းဘတ် လက်ထက်မှာ ဘဏ္ဍာရေးဝန်ကြီးအဖြစ်တာဝန် ထမ်းရွက်ခဲ့ဘူးသူ။ ၁၉၈၀ မှာ စစ်အာဏာသိမ်းတော့ ဆင်မြူရယ်ဒိုးကသူ့ကိုဖမ်းဆီးထောင်ချပစ်လိုက်တယ်။ ထောင်ကလွတ်လာတော့ လည်း အကြိမ်ကြိမ်နေအိမ်အကျယ်ချုပ်နဲ့ နေထိုင်ခဲ့ရတယ်။ ဖိအားတွေအမျိုးမျိုးနဲ့ လိုက်ဘေးရီးယားနိင်ငံထဲမှာနေနေရစဉ် ဘယ်လိုမှ ကိုယ့်တိုင်းပြည်ကိုနေလို့မရတဲ့ အကြောင်းတရားတွေက ပေါ်ပေါက်လာခဲ့တယ်။ ဒါတွေအားလုံးကို စစ်အာဏာသိမ်းခေါင်းဆောင် ဆင်မြူ ရယ်ဒိုးက အကွက်ကျကျ ဖန်တီးခဲ့တာတွေပါ။သူ့အသက်အန္တရာယ်ကိုစိုးရိမ်ရတဲ့အခြေနေထိ ဖြစ်လာခဲ့တယ်။ ဆင်မြူရယ်ဒိုးရဲ့တပ်သား တွေက သူမကို မုဒိန်းကျင့်ဘို့ထိ ကြိုးစားခြင်းခံခဲ့ရတယ်။ အားလုံးက သူမကိုဝိုင်းဖမ်းပြီး မုဒိန်းကျင့်လုဆဲဆဲအချိန်မှာ သူမကပြောလိုက် တယ် …။
“ငါ မင်းတို့လက်ထဲမှာရောက်နေပြီ။ ငါ့မှာ ခုခံနိုင်တဲ့အင်အားလည်း မရှိဘူး။ ငါက မိန်းမသားပဲ။ ဒါပေမယ့် တခုတော့ပြောပါရစေ။ ငါ့ကို မင်းတို့မိခင်တယောက်လို့ စဉ်းစားကြည့်ပေးစမ်းပါ …” ဒါနဲ့ သူလည်း မုဒိန်းကျင့်ခံရဆဲဆဲအချိန်လေးက လွတ်မြောက်သွားခဲ့တယ်။ သူ ဆက်ပြီး လိုက်ဘေးရီးယားနိုင်ငံထဲမှာ ဆက်လက်နေထိုင်လို့မရနိုင်တော့ဘူးဆိုတာ သဘောပေါက်ခဲ့တယ်။ ဒါ့ကြောင့် ပြည်ပကိုထွက်ပြေးတိမ်းရှောင်လာပြီ ပြည်ပြေးဘ၀ကိုရောက်သွားတယ်။
ပြည်ပမှာနေထိုင်နေစဉ်ကာလတွေအတွင်းမှာ ကမ္ဘာ့ဘဏ်နဲ့ ကုလသမဂ္ဂမှာ အဆင့်မြင့်တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်။ စစ်အာဏာရှင် ဆင်မြူရယ်ဒိုးကိုတော်လှန်နေတဲ့ နောက်ထပ်အာဏာရှင်ဖြစ်လာမဲ့ ချားတေလာကို သူမက အထောက်အပံ့တွေ အကူညီတွေပေးခဲ့ ဘူးတယ်။ ချားတေလာအာဏာရလာပြီး ၁၉၉၇ မှာတော့ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကို ကျင်းပပေးပါမယ်ဆိုလို့ ပြန်လာပြီး မဲဝင်ရောက်အရွေးချယ်ခံရာမှာ ဒုတိယမြောက် မဲအများဆုံးရရှိသူဖြစ်ခဲ့တယ်။ ဒါပေမဲ့ ချားတေလာက သူမဟာ သူ့ရဲ့အာဏာကိုခြိမ်းခြောက် နေသူတစ်ယောက်ဖြစ်တယ်လို့ယုံကြည်ခဲ့အပြီး၊ သူမကို ဖိအားတွေအမျိုးမျိုးပေးလာပြန်တယ်။ ထုံစံအတိုင်း အသက်အန္တရာယ်အထိပါ နီး စပ်လာတဲ့အတွက် တိုင်းပြည်က ထွက်ခွာခဲ့ရပြန်တယ်။ အဲဒီကာလတွေမှာ အိုင်ဗိုရီကို့စ်နိုင်ငံမှာနေထိုင်ခဲ့ပြီး လိုက်ဘေးရီးယားနိုင်ငံ အာ ဏာရှင်လက်အောက်ကလွတ်မြောက်ဘို့နဲ့ ပြန်လည်ထူထောင်ရေးတွေလုပ်ဘို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်ခဲ့တယ်။ သူ့ကို နိုင်ငံတ၀ှမ်းမှာရှိတဲ့ အထူးသဖြင့် အမျိုးသမီးထုကြီးက အလွန်မှချစ်ခင်ကြတယ်။
အာဏာရှင် ချားတေလာ တိုင်းပြည်မှစွန့်ခွာထွက်ပြေးပြီး အမျိုးသားအသွင်ကူးပြောင်းရေးအစိုးရကို ဖွဲ့စည်းခဲ့တယ်။ အဲဒီ အစိုးရအဖွဲ့မှာ သူမကို အစိုးရပြန်လည်ပြုပြင်ရေးကော်မရှင်ရဲ့ ဥက္ကဌအဖြစ် ခန့်အပ်ခြင်းခံရတယ်။ အာဏာအလွဲသုံးစားလုပ်မှုတွေ၊ တိုင်းပြည်ချစားမှုတွေ၊အထွေထွေဆင်းရဲကျပ်တည်းမှုတွေကိုကျော်လွန်ဘို့ နေ့မအားညမအား လုပ်ဆောင်ခဲ့တယ်။ ၂၀၀၅ ခုနှစ်မှာတော့ အောင်မြင်စွာ လုပ် ဆောင်နေတဲ့ အဲဒီ့အဖွဲ့ကနေ နှုတ်ထွက်လိုက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူမဟာ သမ္မတအဖြစ်အရွေးချယ်ခံဘို့ ဆုံးဖြတ်လိုက်ပြီ။
ရွေးကောက်ပွဲစည်းရုံးရေးကာလတွေမှာ သူမပြောခဲ့တဲ့စကားတွေဟာ စိတ်ဝင်စားစရာ အလွန်ကောင်းလှပါတယ်။ လိုက်ဘေးရီးယား ရဲ့၁၄နှစ်တာ ပြည်တွင်းစစ်ကာလများမှာ အာဏာရှင်ကိုမကြိုက်လို့ တော်လှန်ရင်းအာဏာရှင်ပေါ်ပေါက်ခဲ့ရတယ်။ တိုင်းပြည်စစ်တလင်း ဖြစ်ခဲ့ရတယ်။ တိုင်းပြည်ဟာ အထွေထွေအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရဆဲပဲဖြစ်တယ်။ လျှပ်စစ်မီးဆိုတာမရှိဘူး။ ရေသွင်းရေနှုတ် မြောင်းစနစ်ဆိုတာမရှိဘူး။ ဆေးရုံတွေ စာသင်ကျောင်းတွေဆိုတာလည်း ပျက်စီးနေပြီ။ အဲဒီတော့ ကျမတို့ အာဏာရှင်စနစ်ဆိုးကို မြေမြှုပ် သဂြိုလ်ပစ်ရမယ်။ ဒီလိုလုပ်ဘို့ဆိုတာ အကြမ်းဖက်တဲ့စနစ်နဲ့ သွားလို့မရဘူး။ အကြမ်းမဖက်တဲ့စနစ်နဲ့ သွားမှရမယ်။ ကျမ သင်ခန်းစာရ လိုက်တာက အကြမ်းဖက်တော်လှန်တိုင်း အာဏာရှင်ပြန်ဖြစ်တယ်ဆိုတဲ့ သာဓကပဲ။ ဒါကို ကျမလက်မခံတော့ဘူ။ အကြမ်းမဖက်တဲ့ လမ်းစဉ်နဲ့ ဒီမိုကရေစီကို ထူထောင်မယ်။ တိုင်းပြည်ကိုထူထောင်မယ်။ နိုင်ငံသားတွေဘ၀လုံခြုံအောင်စီမံမယ်။ ကျမကို ချစ်တဲ့သူတွေသာ လျှင်မကဘူး။ မုန်းတဲ့သူတွေအတွက်လည်းတိုးတက်နိုင်ရေးကိုဦးတည်မယ်။ အားလုံး … အားလုံး …လိုက်ဘေးရီးယားနိုင်ငံသူနိုင်ငံသားတွေအားလုံးအတွက်ကျမကြိုးစားချင်တယ်။ အရေးကြီးဆုံးတချက်က အာဃာတတွေဖယ်ဖျောက်ပါ။ ဒါအလုပ်မဖြစ်ဘူး။ အပြန်အ လှန်သတ်ဖြတ်မှုတွေ အလုပ်မဖြစ်ဘူး။ တိုင်းပြည်နစ်နာလှပါတယ်။ ဒီလိုပြောလိုက်လို့ ကျမက မစာမနာပြောတယ်လို့ မယူဆပါနဲ့။ ကျမ ကိုယ်တိုင်လည်း ဘယ်လောက်ထိနစ်နာခဲ့တယ်ဆိုတာ အားလုံးသိပါတယ်”
သမ္မတလောင်းအတွက် မဲဆွယ်စည်းရုံးရေးခရီးစဉ်တလျှောက်မှာ သူမကိုအားပေးကြတဲ့ ပရိတ်သတ်ကြီးဟာ ကြောက်ခမန်းလိလိပါပဲ။ လူထုဟာ သူမကို အားကိုးတယ်။ ဒါပေမဲ့ ဒီကြားထဲမှာ ချားတေလာလက်ထက်အသတ်ခံခဲ့ရတဲ့ မိသားစုဝင်တွေဟာ ချားတေလာ ကိုထောက်ခံခဲ့တဲ့ အင်အားစုတွေ တပ်သားဟောင်းတွေကို လက်တုန့်ပြန်လိုကြတယ်။ အကြမ်းဖက်လိုကြတယ်။ ဒီကိစ္စကို ကိုင်တွယ် ဖြေရှင်းရာမှာ သူမရဲ့ဖြေရှင်းပုံလေးဟာ အတုယူစရာပါ။ အဲဒီ့မိသားစုတွေကိုစုဝေးစေခဲ့ပြီး ထပ်တူဝမ်းနည်းကျေကွဲတယ်။ ကောင်းရာဘုံဘ၀ ရောက်ဘို့ဆုတောင်းတယ်။ နောက်တခါဒါမျိုးအဖြစ်ဆိုးတွေနဲ့ မကြုံတွေ့ရဘို့ဆုတောင်းတယ်။ ကျန်ရှိနေတဲ့မိသားစုဝင်တွေကို မေးခွန်း မေးတယ်။
“သေဆုံးသွားတဲ့သူတွေဟာ ကောင်းရာဘုံဘ၀မှာ ပျော်ရွင်နေကြလောက်ပါပြီ။ ကျန်နေသေးတဲ့သူတွေ ဘာဆက်လုပ်ကြမလည်း လက် တုန့် ပြန်ရင်းနဲ့ ပြည်တွင်းစစ်ကိုပြန်သွားရင်း အငတ်ခံကြမလား။ တိုင်းပြည်ပြန်လည်ထူထောင်ရေးကို လုပ်ကြမလား။ ရွေးချယ်ကြရအောင်။ လက်တုန့်ပြန်တိုက်ခိုက်ခြင်းကြောင့်ရရှိလာမယ့် ခံစားရမယ့်အကျိုးဆက်က စိတ်အာသာပြေခြင်းတခုပါပဲ။ ကျန်တာ ဘာမှအကျိုးအမြတ် မရှိပါဘူး” ကျန်ရှိနေကြတဲ့ အားလုံးသောမိသားစုဝင်တွေဟာ သူနဲ့အတူ ထပ်တူခံစားခဲ့ရတယ်။ သူမက ပရိပ်သတ်ကို မေးခွန်းမေးခဲ့တယ်။
“ကျမတို့တတွေ ငုတ်တုတ်အငတ်ခံကြမလား … ….(မခံပါဘူး)
“ကျမတို့တတွေ မလုံခြုံတဲ့ဘ၀တွေနဲ့ နေချင်ကြသလား … ….. (မနေချင်ပါဘူး)
“အဲဒီတော့ တိုင်းပြည်ပြန်လည်ထူထောင်ရေးကို ၀ိုင်းဝန်းကြိုးစားလုပ်ဆောင်ရအောင်ပါ …”
၂၀၀၆ ခု၊ ဇန်န၀ါရီလ ၁၆ ရက်နေ့မှာတော့ အယ်လင်ဂျွန်ဆင်ဆာလိဟာ အာဖရိကတိုက်မှာ ပထမဆုံးအမျိုးသမီးသမ္မတအဖြစ် လိုက်ဘေး ရီးယားနိုင်ငံလူထုက ရွေးချယ်ခဲ့ပါတယ်။ သူမရဲ့သမ္မတသက်တမ်းကာလအတွင်းမှာ လိုက်ဘေးရီးယားနိုင်ငံကို လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုဆိုတဲ့မူတွေကိုင်ဆွဲပြီး အထွေထွေပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းခဲ့ပါတယ်။၂၀၁၀ မှာတော့ လိုက်ဘေးရီးယားနိုင်ငံရဲ့နိုင်ငံခြား ရင်းနှီးမြူတ်နှံငွေဟာ ဒေါ်လာ ၁၄ ဘီလျှံဖြစ်လာခဲ့ပါတယ်။ GDP တိုးတက်မှုနှုန်းဟာ ၅ ရာနှုန်းမှ ၉.၅ ရာခိုင်နှုန်းကြားကိုရောက်ရှိလာခဲ့တယ်။
၂၀၁၀ မှာTmes မဂ္ဂဇင်းကနေ သူမကို ကမ္ဘာ့အကောင်းဆုံးအမျိုးသမီးခေါင်းဆောင်လို့ သတ်မှတ်ပေးခဲ့တယ်။ သူမနဲ့အင်တာဗျူးမှာ မှတ်သားစရာကောင်းတဲ့စကားလေးကတော့ …..
“ကျမ လိုက်ဘေးရီးယားနိုင်ငံတိုးတက်ဘို့အတွက် ပေးလာတဲ့အခွင့်ရေးတွေကို မလွတ်တန်းအသုံးချခဲ့တယ်။ ဒီအတောအတွင်းတွေမှာ အန္တရာယ်တွေလည်း ရင်ဆိုင်တိုးခဲ့ရတယ်။ မတတ်နိုင်ဘူး။ ဒီလမ်းတွေမှ မရွေးချယ်ရင် တခြားလမ်းကကြမ်းတယ်ဆိုပါတော့။ ကျမ ချား တေလာနဲ့ မဲယှဉ်ပြိုင်ရွေးဘို့ဆုံးဖြတ်တုန်းက ကျမကို တားတဲ့သူတွေရှိခဲ့တယ်။ အန္တရာယ်များတယ်၊ မယုံကြည်ရဘူး စသဖြင့်ပေါ့လေ။ တကယ်လည်းဖြစ်ခဲ့ပါတယ်။ ကျမ တခါ ပြည်ပကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြန်တယ်။ ဒါပေမဲ့စဉ်းစားကြည့်မိတယ်။ ဒီလိုလမ်းကိုမှမရွေး ချယ်ရင် ကျန်တဲ့လမ်းတွေက တိုင်းပြည်အထိနာမယ်။ မသေချာမှု များတယ်။ ဒါ့ကြောင့် ကျမသမ္မတအဖြစ် ၀င်ရောက်အရွေးချယ်ခံ ဘို့မှာလည်း ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချပြီး အရွေးခံခဲ့တယ်”
သူမရဲ့သမ္မတ သက်တမ်းကာလအတွင်းမှာ သူမအကျေနပ်ဆုံးလုပ်ရပ်ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အကောင်းဆုံးလုပ် ဆောင်ပေးခြင်းဖြင့် ပြည်တွင်းစစ်နဲ့ အာဏာရှင်စနစ်ဆိုးကို အဆုံးသတ်စေခဲ့တာပဲလို့ ဆိုပါတယ်။
လိုက်ဘေးရီးယားနိုင်ငံ အမျိုးသမီးသမ္မတ အယ်လင်ဂျွန်ဆင်ဆာလိကို ၂၀၁၁ ခုနှစ်မှာတော့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် ရွေးချယ်ခြင်း ခံရပါတယ်။ သူမဟာ ယခုဆိုရင် သားသမီးလေးယောက်မိခင် မြေး ၁၁ ယောက်ရဲ့အဖွားဘ၀နဲ့ တိုင်းပြည်တာဝန်များကိုထမ်းဆောင်ရင်း ဂုဏ်ယူဝမ်းမြောက်လျှက်ရှိပါတယ်။ လိုက်ဘေးရီးယားနိုင်ငံ မြို့တော်မွန်ရိုးဗီးယားမြို့ကိုအခုချိန်မှာသွားကြည့်မယ်ဆိုရင်တော့ လျှပ်စစ်မီး တွေ တထိန်ထိန်၊ ကားတွေတ၀ီဝီ၊ တိုက်တာအဆောက်ဦ အကောင်းစားတွေနဲ့ အလုပ်လက်မဲ့ ၈၆ ရာခိုင်နှုန်းရှိခဲ့တဲ့တိုင်းပြည်ဟာ အခု တော့ အလုပ်အကိုင် ကိုယ်စီနဲ့ …။
အတိတ်ကသမိုင်းတွေဟာလိုက်ဘေးရီးယားနိုင်ငံရဲ့စက်ရုံတွေပေါ်ကထွက်လာတဲ့ မီးခိုးလှိုင်းများနဲ့လွင့်မျှောရင်း နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် သမ္မတ အယ်လင်ဂျွန်ဆင်ဆာလိရဲ့စကားလုံးတွေက ပဲ့တင်သံထပ်လျက်။ အာဃာတတရားနဲ့ လက်တုန့်ပြန်ခြင်းဟာ စိတ်အာသာ ပြေပျောက်ဘို့ကလွဲလို့ တိုင်းပြည်တိုးတက်ရေးကို အကျိုးမဖြစ်ထွန်းဘူးတဲ့ ..။
>>>Read more>>> >>

Friday, 18 November 2011


Burma Project USA ကို တည်ထောင်သူ၊ မြန်မာနိုင်ငံ ဒီမိုကရေစီရေးကျွမ်းကျင်သူနှင့်န်မာနိုင်ငံတွင် (များသောအားဖြင့်) ရဟန်းဘ၀ဖြင့် ( ၈ )နှစ်တာ နေထိုင်ခဲ့ဖူးသည့် မစ္စတာ အလန် ကလီးမင့်ထ်စ်က ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဖြစ်ခဲ့သည်များကို Comversation with Aung San Su Kyi ခေါင်းစဉ်ဖြင့် Shambhala Sun, September 1997 တွင် ရေးသားဖော်ပြခဲ့ပါသည်။ ထင်ရှားသည့် မြန်မာအမျိုးသမီးကြီးတစ်ဦး၏ ဗုဒ္ဓဘာသာအမြင်များကို သိရှိနိုင်စေရန် မိတ်ဆက်ဖော်ပြလိုက်ပါသည်။ ကျွန်မက ကောင်းအောင် လုပ်ဖို့ပဲ အားစိုက်ကြိုးစားဖြစ်ပါတယ်။(ရယ်လျက်) ဒါကလည်း ကျွန်မအမေက ကျွန်မကို ပြုစုပျိုးထောင်ခဲ့တဲ့ နည်းလမ်းပါပဲလေ။ ပြောရရင်တော့ ကောင်းမှုရဲ့ ကောင်းကျိုးကို ကျွန်မအမေက အလေးထားခဲ့တာကိုး။ အချိန်တိုင်း ကောင်းအောင်နေနိုင်တယ်လို့တော့ ကျွန်မမပြောလိုပါဘူး၊ ဒါပေမယ့် တတ်နိုင်သလောက်တော့ ကျွန်မကြိုးစားဖြစ်ပါတယ်။

ကျွန်မက စိတ်တိုတတ်တယ်ရှင့်။ ဒါပေမယ့် အခု အရင်လောက်စိတ်မတိုတော့ဘူးလို့ ပြောရမယ်။ ၀ိပဿနာက အများကြီး အထောက်အကူပြုတယ်လေ။ ဒါပေမယ့် တစ်စုံတစ်ယောက်ဟာ သူတော်ယောင်တစ်ယောက်၊ သီလကြောင်တစ်ယောက်လို့ ထင်မိတဲ့အချိန်မှာတော့ ကျွန်မစိတ်တိုမိတုန်းဆိုတာ ကျွန်မ၀န်ခံပါတယ်။

မသိနားမလည်တာ၊ ရိုးရိုးသားသားမှားမိတာလေးတွေကို ကျွန်မက နားလည်ပေးနိုင်ပေမယ့် သီလကြောင် သဘောမျိုးကိုတော့ ကျွန်မ နည်းနည်းလေးမှ သည်းမခံနိုင်ဘူး။ ဒီတော့ ကျွန်မ သတိပဋ္ဌာန် တရားပွားများမှ ဖြစ်မယ်လေ။ ကျွန်မ စိတ်တိုနေပြီဆိုရင် “အော် ငါစိတ်တိုနေပါလား ”လို့ သိနေရမယ်။ ကွန်မကတော့ စိတ်တို နေတဲ့ ကျွန်မကိုယ်ကို ရှုမှတ်လိုက်တာပါပဲ။ ပြီးတော့ “ငါစိတ်တိုနေတယ် ငါစိတ်တိုနေတယ်” လို့ ကျွန်မဘာသာ ကျွန်မ ရွတ်ဆိုဖြစ်တယ်၊ အဲဒီလို ကျွန်မရဲ့ ဒေါသကို ကျွန်မထိန်းချုပ်ပါတယ်။ ဒီလိုမျိုး ဒေါသကို ဆက်မပွားအောင် ထိန်းချုပ်ပါတယ်။

အလန်ကလီးမင့်ထ် လွန်ခဲ့တဲ့နှစ်တော်တော်ကြာက ဘုရားဆုပန်ထားတယ် ဆိုတဲ့ မြန်မာနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဦးနုကို အင်တာဗျူးခဲ့တယ်ဗျ၊ သူ့ကို ကျွန်တော်က “ တပ်မတော်ကို ထိန်းချုပ် အမိန့်ပေးခွင့်ရှိတဲ့ ၀န်ကြီးချုပ်တစ်ယောက်အနေနဲ့ ဗောဓိသတ္တအဖြစ် ဘုရားဆုပန်ထားတာ ဘယ်လိုမျိုးဖြစ်လေမလဲ ” လို့ မေးတော့ ဦးနုက (ကျွန်တော်အမှတ်မမှားဘူးဆိုရင်) “ အဲဒါဟာ ၀န်ထုပ်ဝန်ပိုးကြီးတစ်ခု၊ အမြဲတမ်း သီလပိုင်းဆိုင်ရာ အကြပ်အတည်းကြီး တစ်ခုလောက်နီးနီးပဲ”လို့ ဖြေခဲ့တယ်ဗျ။ သူပြောတာက ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အသုံးပြုဖို့ တာဝန်ရှိနေတဲ့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်နေတာဟာ သဟဇာတမဖြစ်လှဘူးတဲ့ဗျ။ ခင်ဗျားအနေနဲ့ရော အဲဒီလို အကြပ်အတည်းမျိုး ခံစားရပါသလား။

ဒေါ်အောင်ဆန်းစုကြည် မခံစားရပါဘူး၊ ကျွန်မအနေနဲ့ အကြပ်အတည်းမမြင်ပါဘူး၊ ကျွန်မက ဘုရားဆုပန်နိုင်တဲ့ အနေအထားမျိုးမှာ ရှိနေတယ်လို့ မထင်ဘူးလေ။ ကျွန်မရဲ့ ပထမရည်သန်ချက်က လောကရေးရာများမှာ ဗုဒ္ဓအရှင်ရဲ့ ဥပဒေသတွေအတိုင်း လိုက်နာကျင့်သုံးဖို့ပါပဲ။ တကယ်လည်း ကျွန်မ တရားအားထုတ်ဖြစ်ပါတယ်။ ဒါကလည်း ကျွန်မတို့ လူသားအားလုံးမှာ မျက်ကွယ်ပြုလို့မရတဲ့ ဘာသာရေးအတိုင်းအတာ တစ်ခုတော့ ရှိရမယ်လို့ ကျွန်မကိုယ်တိုင်က ယုံကြည်နေလို့ပါ။ ပြောရရင်တော့ အသက်အရွယ်ထောက်လာတဲ့ နောက်ပိုင်း အချိန်တွေမှာ ဘာသာရေးထဲမှာ နှစ်ပြီး အားထုတ်ရမယ့် သာမန်ဗုဒ္ဓဘာသာတစ်ယောက်အဖြစ် ကျွန်မကိုယ်ကျွန်မ စဉ်းစားထားပါတယ်။

အလန်ကလီးမင့်ထ် ခင်ဗျားရဲ့ ဘ၀ကို နောက်ကြောင်း ပြန်လိုက်ရင် ခင်ဗျားရဲ့ ပုဂ္ဂလိကတိုးတက်မှုအပေါ်မှာ ထူးခြားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်လာစေတဲ့ အလွန်အရေးကြီးတဲ့ အတွေ့အကြုံတွေ၊ ပုဂ္ဂိုလ်ရေး သင်ခန်းစာတွေက ဘာတွေများဖြစ်မလဲ။

ဒေါ်အောင်ဆန်းစုကြည် ရိုးရိုးလေးပါပဲ။ ဘ၀မှာ ကျွန်မဘာလေ့လာပြီးပြီလဲဆိုတော့ “အကြီးမားဆုံးဆင်းရဲမှုကို ပေးတာဟာ မိမိတို့ကိုယ်တိုင်ရဲ့ မှားယွင်းတဲ့ အပြုအမူပဲ” ဆိုတာပါ။ တစ်ခြားလူက လုပ်လို့မရပါဘူး။ ဒါကလည်း ကျွန်မကြီးပြင်းလာရတဲ့ ဘ၀အခြေအနေကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်မအမေက ကျွန်မကို “အမှားလုပ်တာဟာ ဘာကောင်းကျိုးမှ မပေးဘူး ” ဆိုတဲ့ ဥပဒေသကိုပဲ ကျွန်မကို သွန်သင်ပေးခဲ့တာပါ။

ကျွန်မကိုယ်တိုင်ရဲ့ အတွေ့အကြုံအရလည်း အဲဒီအတိုင်းပဲ အမှန်ဖြစ်ခဲ့ပါတယ်။ “အခြားလူတွေက ရှင့်ကို ဆိုးကျိုးဖြစ်အောင် လုပ်လို့မရဘူး ” ဆိုတဲ့ အပြုသဘောဆောင်တဲ့ အမြင်မျိုး ရှင့်မှာ ရှိမယ်ဆိုရင်တော့ သူတို့က ရှင့်ကို ခြိမ်းခြောက်လို့လည်း မရဘူးပေါ့။ ရှင့်အနေနဲ့ အခြားလူတွေအပေါ်မှာ မေတ္တာတရား မထားတော့ဘူးဆိုရင် ရှင်လည်း ချမ်းသားမယ်လို့တော့ မထင်ပါဘူးရှင်။

အလန်ကလီမင့်ထ် ခင်ဗျားကိုယ်ခင်ဗျား ဘယ်လိုလူစားမျိုးလို့ သတ်မှတ်မလဲ
ဒေါ်အောင်ဆန်းစုကြည် အင်း တစ်ခါတစ်ရံမှာ တစ်ခြားလူတွေက ကျွန်မကို မြင်တာနဲ့ ကျွန်မကိုယ်ကျွန်မမြင်တာ မတူတတ်ဘူးရှင့်။ ဆိုကြပါစို့ ကျွန်မကို သတ္တိကောင်းလိုက်တာလို့ ပြောကြတဲ့ကိစ္စလေ၊ ကျွန်မကိုယ်ကျွန်မ “သတ္တိကောင်းကြီး”လို့ တစ်ခါမှ မတွေးမိပါဘူး (---------) ကျွန်မကိုယ်ကျွန်မ ထူးခြားတဲ့ပုဂ္ဂိုလ်အဖြစ်လည်း မမြင်မိပါဘူး၊ ကျွန်မကိုယ် ကျွန်မမြင်မိတာကတော့ ကြိုးစားနေသူတစ်ယောက်အဖြစ်ပါ။ ကျွန်မ ဘယ်တော့မှ အရှုံးမပေးပါဘူး။ ကျွန်မက “အရှုံးမပေးဘူး ” လို့ ပြောတဲ့အခါ ဒီမိုကရေစီရေးအတွက် အလျှော့မပေးဘူး လို့ ပြောနေတာမျိုး မဟုတ်ပါဘူး၊ အဓိကအခြေခံအားဖြင့် ကျွန်မဟာ ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားတဲ့ နေရာမှာ အရှုံးမပေးဘူး လို့ ဆိုလိုတာ ဖြစ်ပါတယ်။အလန်ကလီမင့်ထ် ဆိုတော့ စိတ်ဓါတ်ကြံ့ခိုင်မှု သို့မဟုတ် ပါရမီအဓိဋ္ဌာန်တရားလို့ ပြောရမယ့် ဒီအဇ္ဈတ္တမောင်းနှင်အားကပဲ ခင်ဗျားကို ဘာဆိုတာ သတ်မှတ်ကြမှာပေါ့။

ဒေါ်အောင်ဆန်းစုကြည် ဟုတ်ပါတယ်။ လူတွေကတော့ ကျွန်မရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး အများကြီးပြောနေကြတာပါပဲ။ ဒါပေမယ့် ကျွန်မကိုယ်ကျွန်မ စိတ်ဓါတ်ကြံ့ခိုင်သူကြီးရယ်လို့လည်း မထင်မိပါဘူး၊ ကျွန်မဟာ “ကြိုးစားနေသူတစ်ယောက်”လို့ပဲ ထင်ပါတယ်ရှင်။

အလန်ကလီးမင့်ထ် ဗုဒ္ဓ၀ိပဿနာတရားက ခင်ဗျားအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိသလဲဗျ။

ဒေါ်အောင်ဆန်းစုကြည် စိတ်ပျိုးထောင်မှုပုံစံတစ်မျိုးပါပဲ။ စိတ်ပိုင်းဆိုင်ရာ ပညာရေးနဲ့ ဖြူစင်ရေးလမ်စဉ်တစ်ခုပါ။ အခြေခံအားဖြင့်တော့ သတိလေ့ကျင့်မှုပါပဲ။ ရှင်ဘာလုပ်နေတယ်ဆိုတာ သတိရှိရှိ သိနေရင် ရှင့်အနေနဲ့ မစင်ကြယ်တာတွေကို ရှောင်ကြဉ်နိုင်တာပေါ့။

အလန်ကလီမင့်ထ် နေ့စဉ် ကျင့်ဝတ်တစ်ခုအဖြစ် တရားထိုင်ဖြစ်အောင် ဘယ်အရာက ခင်ဗျားကို တွန်းအားပေးသလဲဗျ။

ဒေါ်အောင်ဆန်းစုကြည် ကျွန်မ တရားထိုင်ဖြစ်တဲ့ အဓိက အကြောင်းကတော “ကျွန်မလုပ်သင့်တယ်လို့ ထင်တာကို ( မမြဲမှု အနိစ္စသဘောကို ကိုယ်တိုင်ကိုယ်ကျ နားလည်ဖို့ သတိပဋ္ဌာန်ပွားများမှုလိုမျိုး ) လုပ်နေတယ် ” လို့ သိတဲ့ အသိက ရလာတဲ့ စိတ်ကျေနပ်မှုလေးပါပဲ။ ကျွန်မမှာ ဘ၀နဲ့ပတ်သက်ပြီးတော့ အလွန်ရိုးရှင်းတဲ့ စိတ်သဘောထားတွေပဲ ရှိပါတယ်။ ကျွန်မအနေနဲ့ တရားမျှတမှု သို့မဟုတ် မေတ္တာတရားဆိုတဲ့ နာမည်နဲ့ ကျွန်မ လုပ်သင့်တယ်လို့ ထင်တဲ့ တစ်စုံတစ်ရာရှိရင် အဲဒါကို ကျွန်မလုပ်မှာပါ။

အလန်ကလီမင့်ထ် ခင်ဗျားရဲ့ အဇ္ဈတ္တအတွင်းသားအသစ်တွေကို ရှာဖွေတဲ့နေရာမှာ ၀ိပဿနာက ဘယ်လို အထောက်အကူပြုသလဲ။ ၀ိပဿနာဆိုတာ မိမိကိုယ်ကိုယ် ရှာဖွေခြင်းလုပ်ငန်းစဉ်တစ်မျိုးလား။

ဒေါ်အောင်ဆန်းစုကြည် ၀ိပဿနာဆိုတာ မိမိကိုယ်ကိုယ်ရှာဖွေခြင်းလား စိတ်သန်စွမ်းရေးလား ဆိုတာ ကျွန်မမသိပါဘူး။ ကျွန်မကို သင်ကြားပေးတာကတော့ ကိုယ့်ကိုယ်ကို ရိုးသားဖို့ပါပဲ။ ငယ်ငယ်လေးကတည်းက ကျွန်မမှာ ကိုယ့်အလုပ်နဲ့ ကိုယ့်ခံစားချက်ကို ခွဲခြမ်းစိတ်ဖြာတဲ့ အလေ့အကျင့် ရှိခဲ့ဖူးပါတယ်။ ဒီတော့ ကျွန်မမှာ ကျွန်မကိုယ်တိုင်နဲ့ ပတ်သက်ပြီး အသစ်တွေ့ရှိချက် တစ်စုံတစ်ရာမရှိပါဘူး၊ ဒါပေမယ့် ၀ိပဿနာကတော့ မှန်ကန်တဲ့(သမ္မာမဂ္ဂင်)လမ်းကို လိုက်ဖို့ လောကုတ္တရာခွန်အားကို ပေးပါတယ်။

ပြီးတော့ ကျွန်မအတွက် ၀ိပဿနာဆိုတာ ဘ၀နေနည်းတစ်ခုပါပဲ။ ဘာဖြစ်လို့ဆိုတော့ ၀ိပဿနာအားထုတ်တယ်ဆိုတာက သတိတရားကို ပွားများပြီး စိတ်ကို ထိန်းချုပ်ဖို့ သင်ယူနေရတာမို့ပါ။ ဒီသတိတရားက နေ့စဉ်ဘ၀ထဲမှာ အထောက်အကူ ဖြစ်နေမှာပါ။ ကျွန်မအတွက်တော့ ဒါဟာ ၀ိပဿနာတရားရဲ့ လက်တွေ့အကျဆုံး အကျိုးကျေးဇူးတစ်ခုပါပဲ။ ကျွန်မရဲ့ သတိအာရုံတွေ မြင့်မားလာတယ်လေ။ ခုဆို ကျွန်မဟာ အလုပ်လုပ်တဲ့ နေရာမှာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ လုပ်မိ ကိုင်မိတာတွေ နည်းလာပါတယ်။

အလန်ကလီမင့်ထ် ၀ိပဿနာကို ခင်ဗျား ဘယ်လိုသင်ယူလေ့လာခဲ့ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ကျွန်မ မဟာစည်သာသနာ့ရိပ်သာကို သွားခဲ့တယ်ရှင့်။ ဒါပေမယ့် ဒါကလည်း ဟိုလွန်ခဲ့တဲ့ ကျွန်မ အသက်နှစ်ဆယ်ကျော် အရွယ် မြန်မာပြည်ကို ပြန်လာတဲ့ တစ်ခေါက်ကပါ။ ပြောရရင်တော့ ထိထိရောက်ရောက် တရားမထိုင်ဖြစ်ပါဘူး။ တကယ်တမ်း ၀ိပဿနာကို အားစိုက်ပွားများဖြစ်တာကတော့ နေအိမ်အကျယ်ချုပ် ကာလနှစ်တွေမှာပါ။ စာအုပ်တွေကို အမှီပြုပြီး အားထုတ်ခဲ့ရပါတယ်၊ ဆရာတော် ဦးပဏ္ဍိတရဲ့ “ ဒီဘ၀ဒီခန္ဓာမှာ” ဆိုတဲ့ စာအုပ်က အများကြီး အထောက်အကူပေးခဲ့ပါတယ်။

အလန်ကလီမင့်ထ် “အခါအားလျော်စွာ ခင်ဗျားဟာ ရန်ကုန်မှာရှိတဲ့ ဆရာတော်ဦးပဏ္ဍိတရဲ့ ကျောင်းကိုသွားပြီး ဆရာတော့်ကို ဂါရ၀ပြုလေ့ရှိတယ် လို့ သိရပါတယ်။ ခင်ဗျားအတွက် အထောက်အကူပြုတဲ့ ဆရာတော်ရဲ့ တရားအချို့ကို မျှဝေပေးပါလား။”

ဒေါ်အောင်ဆန်းစုကြည် “ဆရာတော်က ကျွန်မကို ဟောကြားခဲ့သမျှ မှတ်မိနေတယ်ရှင့်။ အရေးကြီးဆုံးဒေသနာတစ်ခုကတော့ သတိတရားကို အပိုလုပ်မရဘူးဆိုတာပဲ။ ဆရာတော် မိန့်တာက “ကျွန်မတို့အနေနဲ့ ပညာတွေ ၀ီရိယတွေ အများကြီး ရှိလို့ရတယ်။ ဒါပေမယ့် သတိကိုတော့ အပို လုပ်မရဘူး”တဲ့။ အင်း ကျွန်မလည်း ဒီလွန်ခဲ့တဲ့ (၇)နှစ်အတွင်း (ရယ်လျက်) တကယ့်ကို သတိတရား ပွားများဖြစ်ပါတယ်။ ပြီးတော့ ဆရာတော်က ကျွန်မကို စကားပြောတဲ့အခါ စေ့စပ်ငြိမ်းချမ်းမှုကို ဦးတည်မယ့် စကားကိုပဲ စူးစိုက်ပြောဆိုဖို့ အကြံပြုခဲ့ပါသေးတယ်။ ကျွန်မပြောသင့်တဲ့ စကားဟာ နားထောင်သူအတွက် အမှန်လည်း ဖြစ်မယ်။ အကျိုးလည်း ရှိမယ်။ နားဝင်လည်း ချိုရမယ်ပေါ့လေ။ ဆရာတော်က ဗုဒ္ဓအလိုတော်ကျ စကားနှစ်ခွန်းရှိပါတယ် တဲ့။ မှန်လည်းမှန်၊ အကျိုးလည်းရှိ ၊လက်ခံဖွယ်လည်း ဖြစ်တဲ့ စကားနဲ့ မှန်လည်း မှန်၊ အကျိုးလည်း ရှိ သို့သော် လက်ခံနိုင်ဖွယ် မရှိတဲ့ နားဝင်မချိုတဲ့ စကားတွေပေါ့ရှင်။

အလန်ကလီမင့်ထ် “ထေရ၀ါဒဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အခြားသော ဂိုဏ်းဂဏ ဘာသာတရားတွေဆီကနေ သင်ယူ လေ့လာဖို့ စိတ်ကို ဖွင့်ထားတာမျိုး။ မျှမျှတတ ဖြစ်အောင် ဆောက်တည် ထားတာမျိုး ရှိပါသလား။”

ဒေါ်အောင်ဆန်းစုကြည် “ကျွန်မက ထေရ၀ါဒဗုဒ္ဓဘာသာတစ်ယောက်ဆိုပေမယ့် မဟာယာနဗုဒ္ဓဘာသာနဲ့ ၀ဇိရယာန ဗုဒ္ဓဘာသာတွေကိုလည်း လေးစားပါတယ်။ ပြီးတော့ ကျွန်မက အခြားသော ဘာသာတရားများကိုလည်း နှစ်နှစ်ကာကာ လေးစားပါတယ်။ ကျွန်မစိတ်ထဲမှာ လူတစ်ဦးတစ်ယောက်က အခြားလူတစ်ဦးတစ်ယောက်ရဲ့ ဘာသာတရားကို အထင်အမြင်သေးခွင့်ရှိတယ်လို့ မမြင်မိပါဘူး။ ကျွန်မက တစ်ခြားလူတွေရဲ့ ဘာသာရေးအတွေ့အကြုံနဲ့ အမြင်တွေကို နားထောင်ဖို့ အလွန်စိတ်ဝင်စားပါတယ်။ ကျွန်မကို သင်ကြားပေးဖို့ အသင့်ဖြစ်နေတဲ့ လူတွေများစွာဆီက ကျွန်မ အများကြီး သင်ယူရပါဦးမယ်။”

အလန်ကလီမင့်ထ် “ ခင်ဗျားလေးစားတဲ့ မဟာယာနဗုဒ္ဓဘာသာရဲ့ အသွင်လက္ခဏာတွေက ဘာတွေများဖြစ်မလဲဗျ”

ဒေါ်အောင်ဆန်းစုကြည် “ မဟာယာနဗုဒ္ဓဘာသာမှာ ထေရ၀ါဒထက် ပိုပြီး ကရုဏာတရား အကြောင်းပြောကြတယ်။ ကျွန်မအဲဒါလေးကို သဘောကျတယ်။ ကျွန်မတို့ ဒီနေ့ကမ္ဘာမှာ ကရုဏာတရား အများကြီး လိုနေတာဆိုတော့လေ။ တကယ်တော့ ကရုဏာတရားဆိုတာ ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ သွန်သင်ချက် အစိတ်အပိုင်း တစ်ခုပါပဲ၊ ဒါပေမယ့် ကျွန်မက ကရုဏာတရားတွေ တကယ်လက်တွေ့ အကောင်အထည် ပေါ်လာအောင် ကျွန်မတို့ကမ္ဘာ့ပြည်သူတွေ ဆောင်ရွက်ကြတာကို ပိုပြီး မြင်ချင်တာပါပဲရှင်။
 
ဝန်ခံချက်။ ။ ဤဆောင်းပါးကို  ဓမ္မင်္ဂါ၏ ဖေ့စ်ဘုတ်ခ်မှာ ကော်ပီကူးလာကာ ဖေါ်ပြခြင်းဖြစ်သည်
>>>Read more>>> >>

Tuesday, 15 November 2011

ဂျက် လီ ပြောပြတဲ့ ငွေတစ်ကျပ်ရဲ့ စွမ်းအား (၂)



တစ်ချိန်မှာ တစ်ယွမ်ပဲ
One Foundation ရဲ့ နောက်ကွယ်က အတွေးအခေါ်က ရိုးရှင်းပါတယ်။ သေးသေးလေးကနေ ကြီးကြီး ကျယ်ကျယ် တွေးပါတဲ့။ တရုတ်ပြည်မှာ စလုပ်နေတဲ့ လီက လူတိုင်းထံကနေ လစဉ် လတိုင်း တစ်လ တစ်ယွမ် (၁၅ ဆင့်) ကောက်ခံဖို့ စီစဉ်နေပါတယ်။ သူက အဖွဲ့အစည်းကို တစ်ဦးနှင့် တစ်ဦး ကူညီနေကြတဲ့ မိသားစုကြီး တစ်ခုအဖြစ် ခိုင်းနှိုင်းလေ့ ရှိပါတယ်။

“လူတွေဟာ သူတို့တွေရဲ့ အိပ်ကပ်ထဲကို နှိုက်ဖို့ မျှော်လင့်နေကြတာကို ခင်ဗျား မကြာခဏ မြင်တွေ့ရပါတယ်”လို့ သူက ဆိုပါတယ်။ သူတို့တွေက သူတို့ အစိုးရတွေကိုပဲ အပြစ်တင်တတ်ကြတယ်။ သူတို့ အကျိုးအမြတ် ကြီးကြီးမားမား ပါတဲ့ ကော်ပိုရေးရှင်းတွေက ပို ရက်ရောသင့်တယ်လို့လည်း ပြောကြတယ်။

“တစ်ဦးနှင့် တစ်ဦး ကူညီတယ်ဆိုတာ တသီးပုဂ္ဂလတွေနှင့် စတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ပေးလှူဖို့ဆိုတာ လူတိုင်းရဲ့ တာဝန်ပဲလေ။ လူတိုင်း လူတိုင်းက လစဉ်လတိုင်း တစ်ယွမ်စီ ပေးလှူကြမယ်ဆိုလျှင် ဒေါ်လာ ဘီလျံပေါင်းများ ဖြစ်လာမှာပေါ့ဗျာ။”

အဲဒီအယူအဆကို လက်တွေ့ဖြစ်အောင် လုပ်ဖို့ One Foundation ပေါင်းစည်းမှုကဏ္ဍနှင့် ချိတ်ဆက်ဆောင်ရွက်နေပါပြီ။ ဥပမာ - ကမ္ဘာ့ ရှေ့ဆောင် B2B အွန်လိုင်း စီးပွားရေး ကုမ္မဏီ alibaba.com ကို ပူးတွဲတည်ထောင်သူ တရုတ် စီးပွားရေး လုပ်ငန်းရှင် ဂျက် မက သူမ ကုမ္မဏီရဲ့ အွန်လိုင်း ငွေပေးချေမှု စနစ် ဖြစ်တဲ့ AliPay ကို ကျွန်တော်တို့ အဖွဲ့အစည်းကို တစ်ပြား တစ်ချပ် မယူပဲ အသုံးပြုခွင့်ပေးဖို့ သဘောတူထားပြီးပါပြီ။ လက်တွေ့ကျကျ ပြောရလျှင်တော့ ဒီ သဘောတူညီမှုက အရမ်းနည်းပါးတဲ့ အလှူငွေလေးတွေဟာ ဝန်ဆောင်ခက ဝါးမျိုးတာ မခံရတော့ဘူးလို့ ဆိုလိုတာပါ။ 

ဂျက်လီနှင့် သူ့ အဖွဲ့ဟာ တရုတ်ပြည် ပြင်ပက အွန်လိုင်း ငွေပေးချေမှု လုပ်ငန်းတွေကိုလည်း အလားတူ လုပ်ဆောင်လာစေဖို့ ကြိုးစား စည်းရုံးနေကြပါတယ်။ ဒီတော့ တစ်ယွမ် အယူအဆက ကမ္ဘာတစ်လွှား ကြယ်ပြန့်သွားနိုင်တယ်လေ။ 

အဖွဲ့ဟာ ၁၈လ ကျော်ကျော် ကာလမှာပဲ အမေရိကန် ဒေါ်လာ ၁၆ သန်းလောက် ရရှိခဲ့ပါပြီ။ ဂျက်လီရဲ့ ရိုးစင်းတဲ့ အယူအဆကို မှန်ကြောင်း သက်သေပြနေတာပါ။ ယူနန် ငလျင်နှင့် ၂၀၀၈ ခုအစောပိုင်းမှာ ဖြစ်ခဲ့တဲ့ တရုတ်ပြည် တောင်ပိုင်း နေရာအများစုကို တုန့်ဆိုင်း ရပ်တန့်သွားစေခဲ့တဲ့ နှင်းမုန်တိုင်း တိုက်ခတ်ခြင်းများ အပါအဝင် သဘာဝကပ်ဘေး ကူညီကယ်ဆယ်ရေး အလုပ် အများအပြားကို အဖွဲ့က ကူညီခဲ့ပြီးပါပြီ။

One Foundation ဟာ “သင့် နှလုံးသားထဲက နေမင်းရောင်” (Sunshine in Your Heart) တို့လို ရေရှည် စီမံကိန်းတွေမှာလည်း ပါဝင်လုပ်ဆောင်ပါတယ်။ အဲဒီ အစီအစဉ်က တရုတ်ပြည်က စာသင်ကျောင်းတွေမှာ စိတ်ကျန်းမာရေး ပညာပေးနှင့် အတိုင်ပင်ခံ ဌာနတွေကို မြှင့်တင်ပေးတယ်။ နောက်ပြီးတော့ တရုတ်ပြည် တဝှမ်းမှာ ရှိတဲ့ တက္ကသိုလ်တွေမှာ နှီးနှောဖလယ်ပွဲများနှင့် သင်တန်းများကို စည်းရုံး စီစဉ်ပါတယ်။ 

မြန်ဆန်မှုက အရေးကြီး
ဒီ One Foundation ဟာ လေကြောင်းလိုင်းတွေလို လုပ်ဖော်ကိုင်ဖက်တွေနှင့်လည်း ခိုင်မာတဲ့ ဆက်ဆံရေးတွေ တည်ဆောက်ပြီးပါပြီ။ ဒါကြောင့် သဘာဝကပ်ဘေး ဖြစ်လာလျှင် အလျှင်အမြန် တုန့်ပြန်ဆောင်ရွက်နိုင်စွမ်း ရှိနေပါပြီ။ 

“ဖြစ်ပျက်တတ်တာ တစ်ခုကို ကျွန်တော် မကြာခဏ တွေးကြည့်မိတယ်။ လူတွေ သေကြတယ်ဗျာ။ ဓာတ်ပုံတွေကို ကြည့်ပြီးတော့ ခင်ဗျားက ငွေစလှူပါတယ်။ ဒါပေမဲ့ဗျာ အလှူငွေတွေ အဲဒီ လူတွေဆီ မရောက်မှီ ကပ်ဘေးသင့်ပြီးတာက ရက်အနည်းငယ်တောင် ရှိနေပြီဗျ။  အဲဒီငွေက သူတို့တွေဆီကော ရောက်ပါရဲ့လားဆိုတာတောင် မသေချာဘူးဗျာ” လို့ လီက ပြောပါတယ်။

“ကျွန်တော်ရဲ့ ဆန္ဒက ပြင်ဆင်ထားဖို့၊ ငွေ အနည်းအကျဉ်း ဘေးဖယ်ထားဖို့ပါ။ တစ်စုံတစ်ခု ဖြစ်လာလျှင် အလျှင်အမြန် လှုပ်ရှားဖို့ ကျွန်တော်တို့တွေ အသင့်ဖြစ်နေအောင်လို့လေ။”

လီရဲ့ လျှင်မြန်မှု လိုအပ်ချက်ကို စီချွမ် မြေငလျှင် အတွင်းမှာ အကောင်းဆုံး သက်သေပြ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ မနှစ် မေလ ၁၂ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ကပ်ဘေးအကြောင်း သူကြားလိုက်ရတဲ့ အခါ သူတို့တွေ အလျှင်အမြန် တုန့်ပြန်ဆောင်ရွက်ရမယ်ဆိုတာကို လီ သိပါတယ်။ ရန်ပုံငွေ ရှာဖွေကောက်ခံရေး တိုက်တွန်း နှိုးဆော်ချက်ကို သူတို့ ချက်ချင်း စလုပ်တယ်။ ယင်ဂျိုး (Yinghua) မှာလို ရေတို ကယ်ဆယ်ရေး အတွက်ရော၊ ပြန်လည်တည်ဆောက်ရေး စီမံကိန်းတွေအတွက်ပါ ခုနှစ်ရက် အတွင်းမှာ အမေရိကန် ဒေါ်လာ ခုနှစ် ဒဿမ သုံးဆယ့်ငါးသန်း ($ 7. 35) ကောက်ခံ ရရှိခဲ့ပါတယ်။ 

လုပ်ဖော်ကိုင်ဖက် အဖွဲ့စည်းကြီးတွေနှင့် အတူ အလုပ်လုပ်ရင်း One Foundation သည် ချန်ဒူး (Chengdu) မှာ မေလ ၁၅ ရက်နေ့က အဖွဲ့လေး တစ်ဖွဲ့ ထောင်လိုက်တယ်။ အဦးဆုံး လိုအပ်ချက်တွေကို ကူညီဆက်သွယ်နိုင်ဖို့ပါ။ နှစ်ရက်နေတော့ လီ ကိုယ်တိုင် ပထမဆုံး ဖြည့်ဆည်း ထောက်ပံ့ပစ္စည်းတွေ ပို့ဆောင်မှုကို လက်ပါစောင့်ရှောက်ပါတယ်။ လုပ်ငန်းစဉ် တစ်ခုလုံး ပွင့်လင်းမြင်သာမှု ရှိတယ်ဆိုတာ သေချာဖို့ရာ အပြည်ပြည် ဆိုင်ရာ စာရင်းစစ် ကုမ္ပဏီဖြစ်သည့် ဒီလွိုက် (Deloitte) က စာရင်းစစ် ကြီးကြပ်ရေး အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ ကျေးရွာအကြီးအကဲတွေက ကူညီ ထောက်ပံ့ပစ္စည်းတွေ လက်ခံရရှိပါတယ်ဆိုတာ စာရွက်ပေါ်မှာ ဝန်ခံလက်မှတ်ရေးထိုးရပါတယ်။ 

“ပြည်သူတွေကို လှူဒါန်းကြဖို့နှင့် ကူညီထောက်ပံ့မှုတွေ ပေးကြဖို့ ပြောရာမှာ ကျွန်တော်တို့က အစိုးရထက် ပိုမြန်ဆန်ပါတယ်။ ဒါ့အပြင် ကြက်ခြေနီ အဖွဲ့အစည်းနှင့်လည်း လုပ်ဖော်ကိုင်ဖက် ဖြစ်တာကြောင့် ကျွန်တော်တို့ဟာ တိကျတဲ့ သတင်းအချက်အက်တွေကိုလည်း မြန်မြန်ဆန်ဆန်ကြီး ရနိုင်စွမ်း ရှိပါတယ်”လို့ လီက ပြောပါတယ်။

တရုတ် ကြက်ခြေနီ အဖွဲ့က ဝမ် ရှုနောင်က မြေငလျှင် လှုပ်ပြီးနောက် One Foundation အဖွဲ့ရဲ့ မြန်ဆန်မှုနှင့် သက်သက်သာသာလေး လုပ်ဆောင်သွားမှုအပေါ် ချီးကြူးစကားတွေ အပြည့် ဆိုခဲ့ပါတယ်။ ဂျက် လီနှင့် စေတနာရှင် တစ်စုဟာ ပိုပြီးလိုအပ်မည့် ကယ်ဆယ်ရေး ပစ္စည်းတွေ ပေးလှူဖို့ တရုပ်ပြည် ငလျှင်ဒဏ်သင့်တဲ့ နေရာတွေကို ချက်ချင်းပဲ အပြေးအလွှား လာကြတယ်။ One Foundation အဖွဲ့ဟာ ထိခိုက်ခံရတဲ့ ဒေသတွေမှာ စာသင်ကျောင်းတွေ ဆောက်လုပ်ဖို့နှင့် ကျန်းမာရေး ဆိုင်ရာ အဆောက်အဦတွေ ဆောက်လုပ်ဖို့ ယွမ် နှစ်သန်း ($ 292,000) ကို ခွဲဝေလှူဒါန်းပါတယ်လို့ သူမက ဆိုပါတယ်။


http://dhammawisdom.blogspot.com/2011_05_29_archive.html မှကူးယူပေါ်ပြပါသည်
>>>Read more>>> >>

ဂျက် လီ ပြောပြတဲ့ ငွေတစ်ကျပ်ရဲ့ စွမ်းအား (၁)




၂၀၀၄ ခု ဆူနာမီကား ဂျက် လီကို ထာဝရ ပြောင်းလဲစေခဲ့၏။

အခုတော့ ဂျက် လီက ကမ္ဘာကြီးကို ပြောင်းလဲစေချင်နေတော့သည်။

ဂျက်လီ တစ်ယောက် သူ့ရဲ့ လေးနှစ်အရွယ် သမီးလေး ဂျိန်းကို တရိပ်ရိပ် တက်လာနေတဲ့ ရေနှင့် လွတ်အောင် ရုန်းကန်နေရစဉ် တစ်နှစ်အရွယ် သမီးငယ်လေး ဂျေဒါကို ချီပိုးထားရတဲ့ ကလေးထိန်းကို ကူညီပေးဖို့ တစ်စုံတစ်ယောက်ကို လှမ်းအော်ပြောလိုက်ပါတယ်။ ဒါဟာ အက်ရှင်ကား ရုပ်ရှင် မဟုတ်ပါဘူး။ အာရှဒေသ တစ်ဝှမ်းက လူများစွာ နည်းတူ ဂျက် လီ တစ်ယောက်လည်း ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့က ရိုက်ခတ်ခဲ့တဲ့ ဆူနာမီ သဘာဝ ကပ်ဘေးကြီး ဆိုတဲ့ လက်တွေ့ဘဝရဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် အဖြစ်သနစ်ထဲမှာ ပိတ်မိနေခဲ့သည်။

တရုတ် ကွန်ဖူး ရုပ်ရှင်မင်းသားဟာ အားလပ်ရက်ခရီး အဖြစ် ဇနီးသည်၊ သမီးနှစ်ယောက်၊ ကလေးထိန်းနှင့်အတူ မော်လဒိုက်နိုင်ငံကို ရောက်နေသည်။ တနင်္ဂနွေနေ့ နံနက် (၁၀) နာရီ ထိုးပြီးချိန်လေးမှာပဲ ဂျက် လီ တစ်ယောက် (The Four Seasons) ဟော်တယ်က ရေကူးကန် အနီးတွင် ရပ်နေခဲ့သည်။ စိတ်လှုပ်ရှားနေကြသည့် သူ့သမီးလေး နှစ်ယောက်ကို ပယ်လယ်ပြင်ကို ခေါ်သွားဖို့ အသင့်ဖြစ်နေပါပြီ။

အဲဒီနောက် ကြောက်မက်ဖွယ်ရာ အရှိန်နှင့် မြင့်တက်လာနေတဲ့ ရေတွေကို သူ သတိပြုမိသည်။ သူနှင့် သူ့ကလေးထိန်းတို့က ဂျိန်းနှင့် ဂျေဒါတို့ကို ကောက်ချီပြီး ဟော်တယ်ဘက်ကို ချေဦး ပြန်လှည့်မိချိန်မှာတော့ ရေတွေက ခြေမျက်စိလောက် အထိ ရောက်လာသည်။ စက္ကန့်အနည်းငယ် အတွင်းမှာပဲ ခါးအထိ ရောက်လာပြီး တစ်ဆက်တည်းပင် မေးစိ အထိ ရောက်လာတော့သည်။

လီက ဂျိန်းကို သူ့ပခုံးပေါ် တင်လိုက်သည်။ သို့သော် ဖရိုဖရဲ ဖြစ်နေစဉ် ဂျေဒါနှင့် ကလေးထိန်းကို ဆုပ်ကိုင်ထားတာက လွတ်ထွက်သွားသည်။ သူတို့တွေ ဟိုတယ်ဘက်စီ မျော်ပါသွားစဉ် သူ အော်ပြီး အကူအညီ တောင်းလိုက်သည်။ ရပ်ကြည့်နေသူ လေးဦးက ရေထဲ ခုန်ဆင်းလိုက်ပြီး ဂျေဒါနှင့် ကလေးထိန်းတို့ကို မနစ်မြုပ်ခင် ဆွဲဖမ်းထားလိုက်သည်။ လီကား ဟော်တယ်ပြန်ရောက်အောင် အနိုင်နိုင် ကြိုးစားခဲ့ရပြီး ဇိမ်ကျလှတဲ့ သူတို့ အခန်းထဲ နေနေခဲ့တဲ့ ဇနီးသည်နှင့် ပြန်လည် ဆုံဆည်းခဲ့ရသည်။

“လှိုင်းလုံးကြီးတွေ ကျသွားတော့လည်း ဘာမျှ မကျန်ခဲ့တော့ပါလား”လို့ လီက ဆိုသည်။ “လျှက်စစ်မီးလည်း ပျက်သွားသည်။ ဟော်တယ် ဂြိုဟ်တု ဖုန်းကလွဲလို့ ဆက်သွယ်ရေး မျိုးစုံလည်း ပျက်ကုန်တော့သည်။ အစားအစာ သုံးရက်စာနှင့် ရေ ငါးရက်စာ ကျန်သေးတယ်လို့တော့ ကျွန်တော်တို့ကို ပြောပါတယ်ဗျာ”လို့ လီက ပြောသည်။ လီတို့ မိသားစုရော တုန်လှုပ်နေကြတဲ့ တခြား ဧည့်သည် ဒါဇင်ပေါင်းများစွာတို့ ဟော်တယ်လ် ဧည့်ကြိုခန်းမှာပင် အိပ်ကြသည်။ သူ့မိသားစု အိပ်သွားတော့ သူက ထထိုင်ကာ ဘာတွေ ဖြစ်ပျက်ခဲ့တယ် ဆိုတာကို ပြန်စဉ်းစားနေမိသည်။ “ဆူနာမီ ဖြစ်ချိန်အထိ ကျွန်တော့်ဘဝရဲ့ ပထမ ၄၁ နှစ်လုံးလုံးကို ဂျက် လီဆိုတာ နံပါတ်တစ်ပဲလို့ ကျွန်တော့် အကြောင်းကိုပဲ တွေးပြီး နေလာခဲ့တယ်။ ဒါပေမဲ့ အခုတော့ ဘယ်လောက်ပဲ သြဇာရှိရှိ၊ ဘယ်လောက်ပဲ ကျော်ကြားကျော်ကြား ကပ်ဘေးဖြစ်ချိန်မှာတော့ အဲဒီ သြဇာရှိမှု၊ ကျော်ကြားမှုက မင့်ကို မကူညီနိုင်ပါဘူးလေလို့ ကျွန်တော် အတွေးပေါက်လာခဲ့သည်။ ကျွန်တော့် ဘဝနှင့် လုပ်ချင်တာတွေကို စဉ်းစားမိသည်။”

၂၀၀၈ ခု မေလ ၁၉ ရက်
တရုတ်ပြည် အလယ်ပိုင်းက မြို့ ရွာပေါင်း မြောက်များစွာမှာလိုပါပဲ။ ယင်ဂျိုး (Yinghua) ဟာလည်း ဂ. ၀ လှုတ်ခတ်အားရှိတဲ့ စီချွမ် (Sichuan) မြေငလျင်ရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရပါတယ်။ ဒေသ တစ်ဝှမ်း လူဦးရေ ၇၀,၀၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရပြီး Yinghua မှာဆိုလျှင် အဆောက်အဦး အနည်းငယ်မျှသာ မပြိုမပျက် ကျန်ခဲ့တော့တယ်။ ငလျင်လှုပ်ပြီး ခြောက်ရက်မြောက် ဒီနေ့မှာတော့ လမ်းတွေပေါ်မှာ စစ်သားတွေ၊ လူမှုကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းတွေ၊ မင်တက်မိနေကြတဲ့ အသက်ရှင်ကျန်ရစ်ခဲ့သူတွေနှင့် ပြည့်လို့ပါပဲ။ 


တရုတ်ပြည် တောင်ပိုင်း Liukuei မြို့မှာ  Aug. 15, 2009 က ကူညီ ကယ်ဆယ်ရေး ပစ္စည်းများ ဝိုင်းသယ်နေသည့် ဂျက် လီ
မျက်နှာကို မဆိုသလောက် ဖုံးကွယ်ထားတဲ့ အပြာရင့်ရင့် ဦးထုပ်ကို ဆောင်းထားတဲ့ လီဟာ နို့မှုန့်ထုပ်များ၊ ဆေးဗူးများ၊ ရွက်ဖျင်တဲများနှင့် အခြားသော အရေးပေါ် ထောက်ပံ့ပစ္စည်းများကို ထရပ်ကားနောက်မှာ ဝိုင်းပြီး သယ်ချပေးနေပါတယ်။ သူနားက လူများစွာလိုပါပဲ၊ နှာခေါင်းပုံစံ နံပါတ် ၁ လို့ ရေးထားပြီး ထူးခြားတဲ့ အပြုံးမျက်နှာ တံဆိပ်ပါတဲ့ အဖြူရောင် One Foundation တီရှပ်ကို ဝတ်ဆင်ထားပါတယ်။ သူဟာ ရုပ်ရှင်မင်းသား တစ်ယောက်အပေါ် ဆက်ဆံမှုမျိုးကို မမျှော်လင့်ပဲ စီချွမ်က လူတွေကို ကူညီပေးနေကြတဲ့ သူလိုငါလို လူများစွာထဲက တစ်ယောက်မျှသာ ဖြစ်ပါတယ်။

ပြောင်းလဲသွားသော လူတစ်ယောက်
ဆူနာမီနှင့် စီချွမ် မြေငလျင်လှုပ်ခတ်ခဲ့တဲ့ အချိန်ကြားမှာပဲ ဂျက် လီဟာ သူ့ဘဝကို ပြောင်းလဲခဲ့တယ်။ သူရဲ့ အချိန် များစွာကို ဒီ သဘာဝကပ်ဘေးကြီးရဲ့ သားကောင်ဖြစ်ကြရရှာပြီး ကံအကြောင်းမလှရှာတဲ့သူတွေကို ကူညီရေးအတွက် ရည်စူးမြှပ်နှံထားပါတယ်။ ငွေချည်းပဲ လှူမည့်အစား စစ်မှန်တဲ့ ထူးခြားမှုနှင့် ကမ္ဘာတစ်လွှားက တစ်ဦးချင်းစီရဲ့ စွမ်းအားကို ရနိုင်သမျှ ဖြည့်ဆည်း အသုံးချမှု ပြုနိုင်တဲ့ အဖွဲ့အစည်း တစ်ခုကို သူ စပြီး ဖန်တီးပါတော့တယ်။ 

မော်လဒိုက်က သူ့ရဲ့ တုန်လှုပ်ချောက်ချားဖွယ် အတွေ့အကြုံကို သတိပြုမိပြီး လီဟာ ဟောင်ကောင်က အိမ်ကို ပြန်လာကာ စွမ်းအားတွေ စိုက်ထုတ်လို့ အလျှင်အမြန် လုပ်ဆောင်ပါတော့တယ်။ ဆူနာမီ ဖြစ်ပြီးတော့ လီက သူ့ဇနီးကို “ကိုယ်တော့ တစ်ခုခုကို ချက်ချင်း လုပ်ရတော့မယ်”လို့ ပြောလိုက်ပါတယ်။ ဒါဟာ One Foundation မွေးဖွားလာပုံပါပဲလို့ သူက ဆိုပါတယ်။

၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့မှာ သူဟာ ယွမ်ငွေ 500,000 ($ 73,000) ကို ဆူနာမီဒဏ် ခံရသူတွေကို ပေးလှူမည့်အကြောင်းနှင့် နောက်ထပ် ယွမ်ငွေ 500,000 ကို ဖောင်ဒေးရှင်း စတင်ဖို့ သုံးမည့် အကြောင်း ကြေငြာခဲ့ပါတယ်။ အဆုံးမှာတော့ One Foundation ကို ဖန်တီးဖို့ရာ အချိန် နှစ်နှစ်ကျော် ယူခဲ့ရပါတယ်။ တစ်ပိုင်းက လီဟာ ရုပ်ရှင် ဇာတ်ကားပေါင်းများစွာ ရိုက်ကူးဖို့ ကတိပေးထားပြီးသား ဖြစ်နေတာရယ်၊ နောက် အကြောင်းတစ်ခုက သူ့ ဝန်ခံချက် အတိုင်း ဘယ်က စလုပ်ရမယ်ဆိုတာ အစရှာမရခဲ့လို့ ဖြစ်ပါတယ်။ သူ့ရဲ့ အားလပ်ချိန်မှာ ကမ္ဘာတစ်လွှားက ပညာရှင်တွေနှင့် စကားပြောတယ်။ ရော့ခ်ဖဲလား အသင်းအဖွဲ့လိုမျိုး ပရဟိတ အဖွဲ့အစည်းတွေမှာ သူ့အချိန်ကို အသုံးချတယ်။ အောင်မြင်တဲ့ NGO (အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း) ဖြစ်အောင် ဘာတွေလုပ်ရတယ် ဆိုတာကို လေ့လာဖို့ပါ။ “ကျွန်တော်က ရုပ်ရှင်လောကကို ကောင်းကောင်းကြီး သိပါတယ်။ ဒါပေမဲ့ ရုတ်တရက်ကြီး NGO တွေရဲ့ ကမ္ဘာကို ရှာဖွေခဲ့ရတယ်လေ။ လေ့လာသင်ယူဖို့ အချိန် လိုအပ်တာပေါ့ဗျာ။ ကျွန်တော် လေ့လာခဲ့တဲ့ အချက်ကတော့ ပွင့်လင်းမြင်သာမှု လိုအပ်တယ်ဆိုတာပါပဲ။ တနည်းပြောရမယ်ဆိုလျှင်ဗျာ လူတွေက အလှူအဖွဲ့အစည်းတွေကို ထောက်ပံ့တော့မယ်ဆိုလျှင် သူတို့ ပေးလှူလိုက်တဲ့ ငွေတွေဟာ  လိုအပ်တဲ့လူတွေဆီကို တကယ် ရောက်မှာပါဆိုတာ ယုံကြည်ဖို့ လိုအပ်တာပေါ့။ 

နောက်ဆုံးမှာတော့ ကြက်ခြေနီ ဂျက် လီ One Foundation အဖွဲ့ကို တရုတ်ပြည်မှာ ၂၀၀၇ ခု ဧပြီလမှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ကြက်ခြေနီ အဖွဲ့အစည်းနှင့် လွတ်လွတ်ကင်းကင်း အလုပ်လုပ်ပေမဲ့ အဲဒီ ဆက်စပ် အဖွဲ့အစည်းက သူတို့ အဖွဲ့ကို တရုတ်ပြည်မှာ ပြည်သူ့ ရန်ပုံငွေရှာပွဲတွေ လုပ်ခွင့်ပေးခဲ့ပါတယ်။ ကြက်ခြေနီအဖွဲ့နှင့် ဆက်ထားခြင်းက ပြန့်နှံ့ရောက်ရှိနိုင်တဲ့ သဘာဝကပ်ဘေးများရဲ့ အတိုင်းအတာ အခြေအနေကို မြန်မြန်ဆန်ဆန် တိတိကျကျ ရရှိဖို့ ကူညီပေးပါတယ်။

အပြန်အလှန်အားဖြင့် ကြက်ခြေနီ အဖွဲ့ဟာလည်း ဝမ်း ဖောင်ဒေးရှင်း ရနေတဲ့ ပြည်သူ့ အမြင်ဆိုင်ရာ အကျိုးအမြတ် ရခဲ့ပါတယ်။ “သူတို့တွေက ပြည်သူတွေ ပိုမို သတိထားမိစေပြီး လူသားချင်း စာနာတဲ့ အားထုတ် လုပ်ကိုင်မှုတွေကို ထောက်ပံ့ကူညီကြဖို့ လူပေါင်းများစွာကို တွန်းအားပေးပါတယ်”လို့ တရုတ် ကြက်ခြေနီအဖွဲ့ရဲ့ ဖွံ့ဖြိုးရေးနှင့် ထောက်ပံ့ရေး အစီအစဉ်ရဲ့ လက်ထောက်ညွန်ကြားရေးမှူး ဖြစ်သူ ဝမ် ရှုနွန်က ပြောပါတယ်။ 

ဆက်ပါဦးမည်။
http://dhammawisdom.blogspot.com/2011_05_29_archive.html မှကူယူဖေါ်ပြပါသည်
>>>Read more>>> >>

ဆူနာမီအပေါ် ဗုဒ္ဓဘာသာဝင် တစ်ဦး၏ အမြင်


၂၀၁၁ ခု မတ်လအတွင်းက ဖြစ်ပွားခဲ့တဲ့ ဂျပန် ဆူနာမီ
 စင်္ကာပူ နိုင်ငံသားတစ်ယောက်က ကပ်ဘေးကြီးအကြောင်း ကြားရတဲ့အခါ သူ့ ဗင်ကားပေါ်ကို (ပစ္စည်းတွေ) တင်ပြီး ဒုက္ခရောက်နေသူတွေကို အစားအသောက်နှင့် ရေတွေ ပေးဝေမယ်ဆိုတဲ့ စိတ်နှင့် ထိုင်းနိုင်ငံကို မောင်းထွက်သွားတယ်။ ဝမ်းနည်းစရာ ကောင်းတာက လမ်းမှာ ကားဘီးချော်ပြီး ကွယ်လွန်သွားပါတယ်။ “သူ့ လုပ်ရပ် (ကံ)တွေ ကောင်းပါလျှက်နှင့် သူ ဘာလို့ ဒုက္ခရောက်ရတာလဲ” လို့ လူတွေက မေးကြတယ်။ ဒါပေမဲ့ ဒီလို မေးခွန်းမျိုးက သဘာဝ ကြောင်းကျိုးတရားနှင့် ကမ္မကြောင်းကျိုးတရားကြားမှာ ဇဝေဇဝါ ဖြစ်နေတယ်ဆိုတာကို ပြတာပါပဲ။ 

တစ်ခြားလူတွေ ဒုက္ခရောက်နေတဲ့ အပေါ် ဒီလူရဲ့ လျှင်မြန်ပြီး လက်တွေ့ကျတဲ့ တုန့်ပြန်မှုဟာ ကရုဏာတရားကြီးမားတာကို ပြသပြီး နောက်ဘဝမှာတော့ အလွန်ကောင်းတဲ့ အကျိုးတရား ရပါလိမ့်မယ်။ သူ့ရဲ့ မတော်တဆမှုကတော့ သူ့ရဲ့ ကောင်းကံ ဆိုးကံတွေနှင့် ဘာမျှ မပတ်သက်ပါဘူး။ ဒီဖြစ်မှုဟာ သဘာဝ ကြောင်းကျိုးတရားရဲ့ ရလဒ် တစ်ခုပါ။ အခိုက်အတန့် အာရုံစူးစိုက်မှု လွတ်သွားတာ၊ ဘရိတ်မကောင်းတာ၊ မိုးကြောင့် လမ်းချောနေတာ စသည်ဖြင့်ပေါ့ဗျာ။ ကောင်းမြတ်မှုက သဘာဝ အကြောင်းတရားတွေကြောင့် ကျွန်ုပ်တို့တွေ ဒုက္ခမရောက်ရတော့ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ (ကောင်းမြတ်မှုက) သဘာဝ အကြောင်းတရားတွေကြောင့် ဒုက္ခ ရောက်ရတဲ့ အခါမှာ ဒုက္ခ ပိုဖြစ်စေမည့် အန္တရာယ်ရှိသည့် နည်းလမ်းတွေနှင့် တုန့်ပြန်မိနိုင်ခြေ နည်းပါးစေပါလိမ့်မယ်။

ခရီးသည် ရာပေါင်းများစွာ ပါသွားသည့် ကျည်ဆန် ရထားနှစ်စင်းကို လိုက်ရှာနေကြသည့် စေတနာ့ ဝန်ထမ်းများ
 တစ်ချို့ ဗုဒ္ဓဘာသာဝင်တွေကတော့ ဆူနာမီကြောင့် ဖြစ်ရတဲ့ သေဆုံး ထိခိုက်ဒဏ်ရာ ရတာတွေဟာ ဒီလူတွေရဲ့ အတိတ်က မကောင်းတဲ့ ကံတွေကြောင့်လို့ ပြောကောင်း ပြောနိုင်ပါတယ်။ ဒါဟာ ဗုဒ္ဓဟောကြားတော်မူချက်နှင့် ဆန့်ကျင်ပါတယ်လို့ ဒီနေရာမှာ ထုတ်ပြောဖို့ မလိုအပ်တော့သလောက်ပါပဲ။ ဒေဝဒဟ သုတ်တော် (မ၊ ၂၊ ၂၁၄ နှင့် အံ၊ ၁၊ ၁၇၃) မှာ ကျွန်ုပ်တို့ တွေ့ကြုံခံစားရသမျှ ကံကြောင့်လို့ ယုံကြည်မှု (သဗ္ဗံ တံ ပုဗ္ဗေကတဟေတု)သည် မှားယွင်းသည့် အမြင် (မိစ္ဆာဒိဋ္ဌိ) ဖြစ်တယ်လို့ ဗုဒ္ဓရှင်တော် ဟောတော်မူပါတယ်။ သီဝကသုတ်တော် (သံ၊ ၄၊ ၂၂၈) မှာတော့ တစ်ခါတစ်ရံ ခံစားကြရတဲ့ ဒုက္ခသည် ကံကြောင့် ဖြစ်နိုင်သလို ဖျားနာခြင်းကြောင့်သော်လည်းကောင်း၊ ရာသီဥတုကြောင့် သော်လည်းကောင်း၊ သတိမေ့လျှော့မှုကြောင့်သော်လည်းကောင်း၊ ပြင်ပအကြောင်းတရားကြောင့် သော်လည်းကောင်း (သြပက္ကမိကာနိ) ဖြစ်နိုင်တယ်လို့ ဟောတော်မူပါတယ်။ ဆူနာမီဟာ ဒီ အကြောင်းတရားတွေ အနက် တတိယနှင့် နောက်ဆုံး အကြောင်းတရားတွေရဲ့ အကောင်းဆုံး ဥပမာ ဖြစ်နိုင်ပါတယ်။ ကောင်းတဲ့ ကံဖြစ်ဖြစ်၊ မကောင်းတဲ့ ကံဖြစ်ဖြစ်၊ ကံတရား အားလုံးမှာ အကျိုးတရားတစ်ခုကတော့ တပ်အပ်သေချာ ရှိပါတယ်။ သို့သော် အကျိုးတရား မှန်သမျှကတော့ ကံကြောင့် မဟုတ်ပါဘူး။

သဘာဝကပ်ဘေးကြီးကြောင့် အိမ်ပြန်မရသေးသူတွေ Haneda လေဆိပ်မှာ အိပ်စက်နေကြရစဉ်

ဒီ ကပ်ဘေးထဲ မပါဝင်ကြရလောက်အောင် ကံကောင်းကြတဲ့ ကျွန်တော်တို့ကကော ဘယ်လိုပါလဲ။ ဗုဒ္ဓရဲ့ ကမ္မဒေသနာတော်က ကျွန်ုပ်တို့နှင့် ဘယ်လို ဆက်စပ်နိုင်ပါသလဲ။ အထက်မှာ ဖော်ပြခဲ့တဲ့ အမျိုးသားနှင့် အမျိုးသမီးလိုပါပဲ။ ကျွန်တော်တို့ရဲ့ ဆူနာမီ အပေါ် တုန့်ပြန်မှုတွေက ကုသိုလ်လည်း ဖြစ်နိုင်သလို အကုသိုလ်လည်း ဖြစ်နိုင်ပါတယ်။ လူတစ်ယောက်ဟာ ကြေကွဲဖွယ် အကြောင်းကို ဖတ်ကြည့်၊ ပခုံးလေးတွန့်ပြီး အားကစားအကြောင်းပါတဲ့ စာမျက်နှာကို လှန်လိုက်ကောင်း လှန်လိုက်နိုင်ပါတယ်။ ဒုက္ခသည်တွေ အတွက် အလှူခံတဲ့ အခါမှာတော့ ဒီအပတ် သူ ငွေပြတ်နေပါတယ်ဆိုပြီး တစ်ခုခု လှူဖို့ ငြင်းနိုင်ပါတယ်။ သို့မဟုတ် လှူတော့ လှူပြီး အချီးမွမ်းခံရဖို့ဖြစ်စေ၊ တော်တယ်လို့ အမြင်ခံရဖို့ဖြစ်စေ လူတကာကို လှည့်လည် ပြောနေနိုင်ပါတယ်။ သူ ပြုလုပ်နေကျ ပုံစံကနေ ခွဲထွက်ပြီး ပြုမူဆောင်ရွက်ဖို့ အခွင့်အရေးတစ်ရပ် ပေးအပ်တာ ခံရလျှက်သားနှင့် အဲဒီ အခွင့်အရေးကို ရယူဖို့ ပျက်ကွက်ခဲ့တယ်။ ရင့်ကျက်ဖို့အတွက်ဖြစ်စေ၊ ပြောင်းလဲဖို့ ဖြစ်စေ သူ ဆုံးရှုံခဲ့ပြီး သူ့ရဲ့ အကျင့်ဟောင်းတွေဖြစ်တဲ့ အတွေးအမြင် ခေါင်းပါးမှု၊ လောဘ၊  မာနကြီးမှုနှင့် အကြင်နာကင်းမှုတို့ရဲ့ ခေါ်ဆောင်မှုကို သူ့ကိုယ်သူ အသာတကြည်ပဲ ခွင့်ပြုခဲ့တယ်။ 

စာနာစိတ် အတော်လေးကင်းပြီး သူ့ကိုယ်သူပဲ စိတ်ဝင်စားတဲ့သူလို့ ဆိုကြပါစို့။ ဒါပေမဲ့ ရုပ်မြင်သံကြားမှာ ဆူနာမီ ဒုက္ခသည်တွေကို မြင်လိုက်ရတဲ့ အချိန်မှာ ရုတ်တရက် သူ ကရုဏာစိတ်ဖြစ်သွားတယ်။ အဲဒီနောက် အတိတ်မှာ အမြဲ လုပ်နေကျအတိုင်း ရိပ်ခနဲပေါ်လာတဲ့ ဒီ ကရုဏာစိတ်ကို ဥပေက္ခာပြုပစ်လိုက်မည့် အစား တစ်ခုခု လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကြက်ခြေနီအဖွဲ့ထံ သွားပြီး တကယ် ရက်ရောတဲ့ အလှူတစ်ခုကို လုပ်ပါတယ်။ စေတနာရှင် လုပ်အားပေး ခေါ်နေတဲ့ သင်္ကေတကို မြင်လိုက်ရပြီး စိတ်ကူးရလျှင် ရခြင်း စာရင်းသွင်းတယ်။ ဒါ့အပြင် နောက် သတင်းပတ် အတော်ကြာအောင်ပဲ အလှူခံတာတို့၊ အခြားနည်းလမ်းတွေနှင့် လိုက်ကူညီတာတွေ လုပ်ရင်း ကိုင်ရင်းနှင့် သူ့ အားလပ်ချိန်တွေ အားလုံးကို အသုံးပြုပါတယ်။ 

အဲဒီလို လုပ်ခြင်းရဲ့ ရလဒ်ကတော့ အတ္တကြီးတဲ့ အလေ့အကျင့်တွေကို အားနည်း ချိနဲ့စေခဲ့ပြီး ကောင်းတဲ့ စိတ်ထားတွေကို သန်မာကြီးထွားစေခဲ့ပါတယ်။ သူဟာ အတိုင်းအတာ တစ်ခုအထိ ရင့်ကျက်ပြီး ပြောင်းလဲခဲ့ပါပြီ။ အနာဂတ်မှာ အခွင့်အရေး ရလေတိုင်း ခုလို အပြုသဘောဆောင်တဲ့ နည်းနှင့်ပဲ ဆက်ပြုလုပ်သွားလျှင် တစ်ဖြေးဖြေးနှင့် ပိုမို နှစ်သက်စရာကောင်းတဲ့သူ ဖြစ်လာလိမ့်မယ်။ ဒါ့အပြင် အများကြီး ပိုမို ပျော်ရွှင်ချမ်းမြေ့တဲ့သူလည်း ဖြစ်လာမှာပဲလေ။ ဒီလိုမျိုးနည်းနှင့် ဆူနာမီလို ကြေကွဲဝမ်းနည်းဖွယ် ဖြစ်ရပ်မှာတောင် တကယ်တော့ ကောင်းတဲ့ဘက် တစ်ခုတော့ ရှိပါတယ်။ 


ပထမဦးဆုံးက ဒါနနှင့် မေတ္တာ စေတနာတွေကို ဖြစ်ထွန်းဖို့ အခွင့်အရေး တစ်ရပ် ဖြစ်နိုင်ပါတယ်။ ဒုတိယ အနေနှင့်ကတော့ ကျွန်ုပ်တို့တွေ အားလုံး မြတ်ဗုဒ္ဓရဲ့ တရားတော်ဖြစ်တဲ့ သင်္ခါရလောကကြီးမှာ နေရတဲ့ ဘဝဟာ ကျေနပ်နှစ်သက်ဖွယ်ရာ မရှိပါတကား ဆိုတဲ့ ဒုက္ခသစ္စာတရားကို ဆင်ခြင် သုံးသပ်ဖို့ အခွင့်အရေး တစ်ရပ် ဖြစ်နိုင်ပါတယ်။ အဲဒီလို ဆင်ခြင်သုံးသပ်မှုက ကျွန်ုပ်တို့ကို မိမိဘာသာ ကျေနပ် အားရနေမှုကနေ နိုးထစေနိုင်ပြီး ဘဝဟာ ဘယ်လောက်ပဲ သက်တောင့်သက်သာ ရှိနေပါစေ၊ အချိန်မရွေး ပြောင်းလဲနိုင်ပါလားလို့လည်း သတိတရား ရစေနိုင်ပါတယ်။ ဒါက ပေါ့ပျက်ပျက် လောကီအာရုံ လိုက်စားမှုတွေကနေ အဓိပ္ပါယ်ပြည့်ဝတဲ့ လောကုတ္တရာ ပန်းတိုင်တွေဆီ ခြေဦးလှည့်ဖို့ ကျွန်ုပ်တို့ကို ကူညီနိုင်ပါတယ်ဗျာ။

မှတ်ချက်။ အောက်ဆုံး ဓာတ်ပုံကို https://mail.google.com/mail/?shva=1#inbox/12f15bb14fa9ac5e မှ ယူထားပြီး ကျန်ပုံများကို http://www.mmdailynews.com/viewnews.php?id=455 မှ ယူပြီး (ဖြည့်စွက်) တင်ပြထား ပါသည်။

မူရင်း (အင်္ဂလိပ်လို) ဖတ်ရှုလိုသူများ http://sdhammika.blogspot.com/2011/03/tsunami-buddhist-view.html တွင် ဖတ်ရှုနိုင်ပါတယ်။
>>>Read more>>> >>

ထာဝရဘုရား (ဂေါ့ဒ်)၊ ဗုဒ္ဓဘာသာနှင့် ဆူနာမီ



၂၀၁၁ မတ်လ (၁၁) ရက်နေ့က ဂျပန်မှာ ဖြစ်ပေါ်ခဲတဲ့ ဆူနာမီအပြီး မြင်ကွင်းတစ်ခု
(တစ်နေ့က ဖေ့စ်ဘွတ်မှာ စာရေးသူကို  ဒကာတော် ဝိမုတ္တိသုခက  တက်ဂ် တစ်ခု လုပ်လာပါတယ်။ အဲဒါက Shravasti Dhammika ရဲ့ God, Buddhism and the Tsunami ဆိုတဲ့ ဆောင်းပါးပါ။ Shravasti Dhammika ရဲ့ 'Good Question and Good Answer'  စာအုပ်ကို ချမ်းမြေ့ဆရာတော်က ဘာသာပြန်ပြီး စာအုပ် ထုပ်ဝေဘူးပါတယ်။ (နာမည် အတိအကျ မမှတ်မိပါဘူး။) ဒါကြောင့် သူ့ကို မြန်မာ ဗုဒ္ဓဘာသာဝင်တွေ သိကြပါတယ်။ အခု အထက်ဖော်ပြ ခေါင်းစီးပါ စာကို ဘာသာပြန်ပြီး တင်လိုက်ပါတယ်။)

မှတ်မိနေသမျှထဲမှာ အကြီးဆုံး သဘာဝ ကပ်ဘေးဆိုးကြီး ဖြစ်တဲ့ လတ်တလော ဆူနာမီက အတ္တရှာပုံတော်ကြီး လုပ်ဆောင်စေခဲ့တယ်။ ထာဝရဘုရားသခင် (ဂေါ့ဒ်)နှင့် ဘာသာရေးယုံကြည်မှု ရှာဖွေမှုမျိုး လုပ်ဆောင်စေဖို့လို့ ပြောဖို့ မဟုတ်ပါဘူး။ လူတွေဟာ ကပ်ဆိုးကြီးကို သူတို့ ဘာသာရေး ယုံကြည်ချက်များနှင့် ဆက်စပ်ပတ်သက်ပြီး ကြိုးစားရှင်းပြကြတယ်။ စင်္ကာပူနိုင်ငံထုတ် အင်္ဂလိပ်သတင်းစာ အများအပြားက ဒီကိစ္စနှင့်ပတ်သက်ပြီး ဆောင်းပါးများနှင့် ပေးစာ အများအပြားကို ပုံနှိပ်ထုတ်ဝေပြီး ဖြစ်ပါတယ်။ အခုအထိတော့ ခရစ်ယန် အမြင်တွေပဲ ဖြစ်ပါတယ်။ ဒီဆွေးနွေးမှုကို ဗုဒ္ဓဘာသာ ရှုဒေါင့်ကနေ ကျွန်ုပ် ရေးသားလိုပါတယ်။ ဒီ ပြဿနာနှင့် ပတ်သက်လို့ အမြင် နှစ်ရပ် ရှိပါတယ်။ ပထမတစ်ခုက ကြောက်မက်ဖွယ်ရာ ဘေးဆိုးကြီးတွေကို ဘာသာတရားတွေက ဘယ်လို တုန့်ပြန်ခဲ့ကြတယ် ဆိုတာကိုပါ။ ဒီသဘောနှင့် ဆိုရင်တော့ ကမ္ဘာ့ဘာသာတရားတွေဟာ အများကြီး တူနေတာကို တွေ့ရပါတယ်။ ဟိန္ဒူ၊ မူဆလင်၊ ခရစ်ယန်၊ ဗုဒ္ဓဘာသာနှင့် တာအိုဘာသာတို့ဟာ သူတို့တွေရဲ့ ဘာသာရေး ဆက်သွယ် ပေါင်းစည်းမှုကို ထည့်တွက်မနေပဲ ဒုက္ခရောက်နေသူတွေကို ကူညီဖို့ သူတို့တွေရဲ့ နှစ်လုံးသားတွေကိုရော ပိုက်ဆံအိပ်တွေကိုပါ ဖွင့်ထားကြပါတယ်။ ဗုဒ္ဓဘာသာက မူဆလင်တွေကို ကူညီ၊ မူဆလင်က ခရစ်ယန်ကို ကူညီ၊ ခရစ်ယန်က ဟိန္ဒူကို ကူညီနှင့်ပေါ့။

ဒုတိယအမြင်ကတော့ ဘာသာတရားတွေက ဆူနာမီကို ဘယ်လို ရှင်းလင်းပြကြသလဲ ဆိုတာပါ။ ဒီသဘောနှင့်ဆိုရင်တော့ ဘာသာတရား အသီးသီးကြားမှာ သဘောတူညီတာက အနည်းငယ်ပဲ ရှိပါတယ်။ ဇန်နဝါရီ (၁)ရက်နေ့ထုတ် စထရိတ် တိုင်းမ် သတင်းစာမှာ အင်ဒီ ဟို (Andy Ho)က “ဆူနာမီဖြစ်တဲ့ အချိန်မှာ ဂေါ့ဒ် ဘယ်ရောက်နေခဲ့သလဲ” ဆိုတဲ့ ဆောင်းပါးတစ်စောင်ကို ရေးသားခဲ့ပါတယ်။ ဇန်နဝါရီ (၉)ရက်နေ့မှာတော့ အဲဒီသတင်းစာမှာ တန် တားန် (Tan Tarn) ရေးတဲ့ ‘Evil? No Way, Come Hell and High Water’ ဆိုတဲ့ ဆောင်းပါးတစ်စောင် ပါလာခဲ့ပါတယ်။ စာရေးသူ နှစ်ယောက်လုံးက ဆူနာမီလို သဘာဝဘေးဆိုးကြီးတွေက ကရုဏာရှင် ထာဝရဘုရားသခင် ရှိတယ်ဆိုတဲ့ အယူအပေါ်မှာ သံသယပွားစေကြောင်း ပြောကြပါတယ်။ ဒီနည်းနှင့် သူတို့တွေဟာ လူတွေ ဂေါ့ဒ်ကို စတင် ယုံကြည်ကြကတည်းကိုက တည်ရှိလာခဲ့တဲ့ သဘာဝကျတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ သံသယတွေ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ သံသယတွေကို တင်ပြကြပါတယ်။ အက်ဒ်မွန် ချူးက ဇန်နဝါရီ (၂၉) ရက်နေ့ထုတ် စထရိ တိုင်းမှာ ဟိုနှင့် တာန်တို့ မေးထားတဲ့ မေးခွန်းတွေကို ကြိုးစားဖြေထားပြီး ဂေါ့ဒ်က ဘာကြောင့် ဆူနာမီ ဖြစ်ခွင့်ပြုရသလဲ ဆိုတာနှင့် ပတ်သက်တဲ့ ရှင်းလင်းချက် ပေးပါတယ်။

ချူးရဲ့ ရှင်းလင်းချက်က ရိုးရိုးလေးပါပဲ။ ဂေါ့ဒ်က မကောင်းမှုကို ဘာကြောင့် ခွင့်ပြုတာလဲ ဆိုတာရဲ့ ရိုးစင်းတဲ့ အကြောင်းပြချက်က မကောင်းမှုကို ခွင့်မပြုခဲ့ရင် ကောင်းမှုအများအပြား ပျောက်ကွယ်သွားမှာပေါ့ ဆိုတာပဲ ဖြစ်ပါတယ်။ သူ့အမြင်ကို ထောက်ကူပေးဖို့ သောမတ်စ် အကွိုင့်နတ်စ်ရဲ့ “မကောင်းမှု မရှိလျှင် ဘုရားသခင်လည်း မရှိ၊ အကြောင်းကတော့ ကောင်းမှု အစုစုကို ယူဆောင်သွားခဲ့မယ်ဆိုလျှင် မကောင်းမှုလည်း ရှိမှာ မဟုတ်တော့လို့ပါ။ …” နောက်ထပ် တစ်ဖန် “ဂေါ့ဒ်က မကောင်းမှု တည်ရှိခွင့် မပေးလျှင် ကောင်းမှုတွေလည်း ယူဆောင်သွားမှာ ဖြစ်တဲ့အတွက်ကြောင့်ပါ၊ လေဓာတ် မဖောက်ပြန်ခဲ့လျှင် မီးဓာတ် ဖြစ်ပေါ်မည် မဟုတ်၊ မြည်းသတ္တဝါကို မသတ်လျှင် ခြင်္သေ့၏ အသက်လည်း ရှိတော့လိမ့်မည် မဟုတ်”ဆိုတာကို သူက  ကိုးကားထားပါတယ်။

ကျွန်ုပ်ကတော့ ချူးရဲ့ ဆွေးနွေးမှုကို ဗုဒ္ဓဘာသာ ရှုဒေါင့်ကနေ ဆန်းစစ်ကြည့်လိုပါတယ်။ ချူးရဲ့ ရှင်းလင်းချက်ကို ဖတ်ပြီးနောက် စိတ်ထဲ အရင်ဆုံး ဝင်လာတာကတော့ သူ့ရှင်းချက်က ဂေါ့ဒ်ဟာ ဉာဏ်ပညာရှိတယ်၊ မေတ္တာတရား ရှိပြီး တကယ့် နတ်ဘုရားဖြစ်တယ်ဆိုတဲ့ အယူအဆနှင့် အကြီးအကျယ် ဆန့်ကျင်နေပုံ ပေါ်တယ်။ မကောင်းမှု (ဥပမာ သေဆုံးမှု ၊ ဆူနာမီနှင့် ပတ်သက်တဲ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲမှု)က ကျွန်ုပ်တို့ကို ကရုဏာတရား၊ စိုးရိမ်ပူပန်မှုနှင့် စေတနာကောင်းတွေကို ထုတ်ဖော်ပြသခွင့် ပေးတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့လဲ ဒါကို လုပ်ဖို့အတွက် ဂေါ့ဒ်ဟာ ရက်စက်မှုနည်းတဲ့ နည်းလမ်းကို မစဉ်းစားနိုင်ဘူးလား။ အခြားတစ်ယောက် ကောင်းမှု လုပ်ခွင့် ရဖို့အတွက် တစ်ယောက်သောသူမှာ ထိခိုက် ခံစားရတယ် ဆိုတာ တရားမျှတပါရဲ့လား။ ချူးရဲ့ ဆွေးနွေးမှုကို ယုတ္တိရှိတဲ့ ကောက်ချက်အဖြစ် ယူဆမယ်ဆိုရင် အဲဒါက ဘယ်လို ပြဿနာရှိတယ်ဆိုတာကို စတင်ကြည့်ရပါလိမ့်မယ်။ အဲဒီယုတ္တိကိုပဲ သုံးပြီးတော့ ကင်ဆာရောဂါဟာ ဆရာဝန်တွေကို ဆေးကုသဖို့ အခွင့်အရေးပေးတဲ့အတွက် ကောင်းတယ်လို့ ပြောရမလိုပါပဲ။ ဥပဒေနှင့်အညီ နေထိုင်တဲ့ ပြည်သူတွေပါလို့ အဓိပ္ပါယ် ဖွင့်ဆိုလို့ ရအောင် ရာဇဝတ်ကောင်တွေကို ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ အားပေးသင့်တယ်လို့ ပြောရမလိုပါပဲ။ ငြိမ်းချမ်းရေး ထိန်းသိမ်းသူတွေ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးညှိနှိုင်းနိုင်စေဖို့ ကျွန်ုပ်တို့တွေက မကြာခဏ စစ်ပွဲ ဆင်နွှဲသင့်ပါတယ်လို့ ပြောရမလိုဖြစ်နေပါတယ်။

တတိယ ပြဿနာအဖြစ်နှင့်ရော၊ ချူးရဲ့ ရှင်းလင်းချက်မှာ အကြီးဆုံး ပြဿနာပါ ဖြစ်ကောင်း ဖြစ်နိုင်တာက ကောင်းမှုကို မကောင်းမှုကို တုန့်ပြန်ဖို့ ဒါမှမဟုတ် မကောင်းမှုနှင့် နှိုင်းယှဉ်ဖို့မျှလောက်အထိ နိမ့်တဲ့ အနေအထား ရောက်အောင် လျှော့ချလိုက်တာပါပဲ။ ဗုဒ္ဓဘာသာဝင် တစ်ဦးအတွက်တော့ ကောင်းဖို့အတွက်ဖြစ်စေ၊ ကောင်းမြတ်ခြင်းကို နားလည်ဖို့ အတွက်ဖြစ်စေ သို့မဟုတ် ကောင်းအောင်ကြိုးစားဖို့ အတွက်ဖြစ်စေ မကောင်းမှု မလိုအပ်ပါဘူး။ တစ်ခါတစ်ရံတော့ မကောင်းတာက ကောင်းတာကို လုပ်ဖို့ တိုက်တွန်း နှိုးဆွပေးနိုင်ပါတယ်။ ဒါပေမဲ့ မကြာခဏဆိုသလို ကျွန်ုပ်ကို ပိုကောင်းစေတာက ကောင်မြတ်မှုရဲ့ အလှအပတရားနှင့် ပျော်ရွှင်ဝမ်းမြောက်ရမှုပဲ ဖြစ်ပါတယ်။ ကျွန်ုပ်ကို ပိုကောင်းမြတ်အောင် ကြိုးစားစေတာက ဟစ်တလာ သို့မဟုတ် ပိုလ် ပေါ့အကြောင်း ဖတ်ခြင်း မဟုတ်ပါဘူး။ သူတို့အကြောင်း ဖတ်တာထက် ပိုမိုမြင့်မြတ်တဲ့ ကောင်းမြတ်မှုကို ကျင့်သုံးဖို့ ကျွန်ုပ်ကို နှိုးဆွပေးတာက ဗုဒ္ဓ၊ ဂန္ဓီ သို့မဟုတ် မာသာ ထရီဆာတို့ပါ။ အချုပ်ပြောရရင်တော့ ကောင်းမြတ်မှုကို သိဖို့အတွက်ဖြစ်စေ၊ ကောင်းတာလုပ်ဖို့အတွက်ဖြစ်စေ မကောင်းမှု မလိုအပ်ပါဘူး။ ဒါ့ကြောင့် ဘာကြောင့် ထာဝရဘုရားက မကောင်းဆိုးဝါးမှုကို ဖြင့်ခွင့်ပြုတာလဲဆိုတာနှင့် ပတ်သက်တဲ့ ချူးရဲ့ ရှင်းလင်းချက်က ယုံကြည်လက်ခံနိုင်စရာ မရှိပါဘူး။

ဇန်နဝါရီလ ၂၉ ရက်နေ့ထုတ် စထရိတ် တိုင်းမ် သတင်းစာပါ အခြား ပေးစာတစ်စောင်မှာတော့ အန်သနီ ယို (Anthony Yeo) က ဆူနာမီဟာ “လူသားတွေအတွက် ဂေါ့ဒ်ရဲ့ အော်လန်” ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီစကားရပ်ဖြင့် “ကျွန်ုပ်တို့တွေ ကမ္ဘာကြီးကို ဂရုစိုက်ကြဖို့နှင့် ညီညီညွတ်ညွတ် နေထိုင်ဖို့ လိုတယ်လို့ ကျွန်ုပ်တို့တွေကို ပြောဖို့ ဂေါ့ဒ်က ကြိုးစားနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”လို့ ယိုက ဆိုလိုတာပါ။ သူဟာ မှန်ကောင်း မှန်နိုင်ပါတယ်။ ဒါပေမဲ့ အထက်မှာ ဖော်ပြခဲ့တဲ့ အလားတူ ကန့်ကွက်မှုမျိုး ရှိတုန်းပါပဲ။ မေတ္တာတရား ထားပါတယ်ဆိုတဲ့ နတ်ဘုရားက သူ့ရဲ့ သတင်းစကား ဖြန့်ဖို့ ထိတ်လန့် တုန်လှုပ် ချောက်ချားမှုနည်းပြီး ပျက်စီးမှုလည်း လျှော့နည်းတဲ့ နည်းလမ်းတစ်ခု တစ်လေကိုများ မစဉ်းစားတတ်ခဲ့လေသလား။ အာရှတိုက် ကမ်းခြေအစိတ်အပိုင်းကြီးကို ပျက်စီးစေတာဟာ ကမ္ဘာကြီးကို ဂရုစိုက်သင့်တယ်လို့ လူသားတွေကို ပြောဖို့ရာ အကောင်းဆုံး နည်းလမ်း ဖြစ်ပါရဲ့လားလို့လည်း တစ်စုံတစ်ယောက်က မေးနိုင်ပါတယ်။

 ရိုးစင်းပြီး နားလည်လွယ်တဲ့ မေးခွန်းနှစ်ခုကို မေးပြီးတော့ ဒီ ရှုပ်ထွေးလှတဲ့ ငြင်းခုံ ဆွေးနွေးချက်များနှင့် ရှင်းလင်းချက်တွေကို ဖြတ်ထုတ်ပစ်လို့ ရတယ်လို့ ကျွန်တော် အမှန်တကယ် တွေးမိပါတယ်။ “ဆူနာမီ ဖြစ်တော့မယ်လို့ သိပြီး သင့်မှာလည်း အဲဒါကို ရပ်ပစ်ဖို့ တန်ခိုးစွမ်းအား ရှိမယ်ဆိုရင် သင် ရပ်ပစ်လိုက်မှာလား။” စာနာမှု တစ်စိုးတစ်စိရှိတဲ့ လူတိုင်းတောင်မှ “ရပ်ပစ်မယ်ဗျာ“လို့ ပြောလိမ့်မယ်ဆိုတာ ကျွန်တော် သံသယ မရှိပါဘူး။ ဒီကနေ ဆက်လိုက်လာတဲ့ သိသာထင်ရှားတဲ့ မေးခွန်းက “ဒီလိုဆိုရင် ဂေါ့ဒ်ဟာ ဘာကြောင့် ရပ်မပစ်ရတာပါလဲ” ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ ဒီမေးခွန်းကို တစ်ဦးတစ်ယောက်က ဘယ်လို ဖြေသလဲဆိုတာကတော့ သူ့ဘာသာတရားက ဘာလဲ ဆိုတဲ့အပေါ် မူတည်ပါလိမ့်မယ်။ ဒါမှမဟုတ်လဲ သူ့မှာ ကိုးကွယ်ရာ ဘာသာတရား ရှိ မရှိအပေါ် မူတည်ပါလိမ့်မယ်။ ဗုဒ္ဓဘာသာကတော့ ဒီမေးခွန်းအတွက် ရိုးရှင်းပြီး နားလည်ရ လွယ်တဲ့ အဖြေ၊ ရှုပ်ထွေး ခက်ခဲတဲ့ ဘာသာရေး ယုံကြည်မှုဆိုင်ရာ ငြင်းခုံမှုတွေလည်း မလိုအပ်တဲ့ အဖြေရှိတယ်လို့ လူအများအပြားက ပြောကြပါလိမ့်မယ်။ အဲဒီအဖြေကတော့ “ဂေါ့ဒ်ဆိုတာ မရှိတဲ့အတွက်ကြောင့်”ပါ။


၂၀၁၁ မတ်လ (၁၁) ရက်နေ့က ဂျပန်မှာ ဖြစ်ပေါ်ခဲတဲ့ ဆူနာမီအပြီး မြင်ကွင်းတစ်ခု

ဒီလိုဆိုရင် ဆူနာမီလို သဘာဝကပ်ဘေးတွေကို ဗုဒ္ဓဘာသာက ဘယ်လို ရှင်းပြပါသလဲ။ အဲဒီ အဓိပ္ပါယ်မျိုးနှင့်ဆို ရှင်းပြစရာ မရှိပါဘူး။ ကျွန်ုပ်တို့ကို ကြိုးစား ရှင်းပြစေတာက အားလုံးကို သိမြင်တော်မူတဲ့၊ အားလုံးကို ချစ်မြတ်နိုးပါတယ်ဆိုတဲ့၊ တန်ခိုးတော် အနန္တရှိတဲ့ ဂေါ့ဒ်ကို ယုံကြည်မှုနှင့် ဒီ ယုံကြည်မှုနှင့် ဆန့်ကျင်ဟန်တူတဲ့ သက်သေအထောက်အထားတွေကို အရေးမပါလေဟန်၊ မလေးနက်လေဟန် လုပ်တဲ့ ဂေါ့ဒ်ကို ယုံကြည်သက်ဝင်မှုပါပဲ။ ဂေါ့ဒ်ကိုသာ စိတ်ကူးပုံထဲက ထုတ်ပစ်ကြည့်လိုက်မယ်ဆိုရင် အဖြေက သိပ်ကို ရှင်းပါတယ်။ စကြာဝဠာကြီးက ပြင်ပ အလို ဆန္ဒတွေကို မလိုက်နာပါဘူး။ စကြာဝဠာကြီးက ကျွန်ုပ်တို့တွေနှင့် ကျွန်ုပ်တို့ရဲ့ ဆုတောင်းတွေကို ဂရုမပြုပါဘူး။ ကမ္ဘာမြေကြီးရဲ့ တင်းမာတဲ့ မျက်နှာပြင်လွှာပြားကြီးတွေဟာ ရွေ့လျှားနေတတ်ပြီး တစ်ခါတစ်ရံမှာတော့ ပျက်စီးမှုတွေကို ဖြစ်စေတဲ့ နည်းမျိုးနှင့် ရွေ့လျှားတတ်ပါတယ်။ မိုးတွေ ရွာတတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ မိုးတွေ အရမ်းကာရော ရွာလွန်းတတ်သလို တစ်ခါတစ်ရံမှာတော့ ရေ မလုံမလောက် ရွာတတ်ပြီး လူသားတွေကို ဆင်းရဲဒုက္ခ ဖြစ်စေတတ်ပါတယ်။ ဗက်တီးရီးယားပိုးလိုမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ အဲဒါတွေက ကျွန်ုပ်တို့တွေရဲ့ ခန္ဓာကိုယ်ထဲမှာ အခြေတည်လာပြီး ရောဂါ ရစေတတ်ပါတယ်။ 

ကျွန်ုပ်တို့ဟာ စွမ်းအားကြီးမားလှတဲ့ စကြာဝဠာကြီးထဲမှာ နေထိုင်ကြပြီး တစ်ခါတစ်ရံ ဖြစ်ပျက်တာတွေက ကျွန်ုပ်တို့ အကျိုးစီးပွားအတွက် ဖြစ်ပြီး တစ်ခါတစ်ရံမှာတော့ ထိခိုက်နစ်နာမှု ဖြစ်တတ်ပါတယ်။ ဒါဟာ ကမ္ဘာကြီး ဖြစ်တည်ပုံ ဖြစ်တည်နည်းပါပဲ။ ဗုဒ္ဓဘာသာကတော့ ဒါဟာ ဘာကြောင့် အဲဒီလို ဖြစ်တာလဲဆိုတာကို ရှင်းပြမှုနှင့် မပတ်သက်ပါဘူး။ ဗုဒ္ဓဘာသာကတော့ စကြာဝဠာဟာ ဒုက္ခတရား (the universe is dukkha) ဖြစ်တယ်လို့ ရိုးရိုး အဓိပ္ပါယ်ရှိတဲ့ အဆိုကိုပဲ ပေးပါတယ်။ တစ်ခါတစ်ရံတော့ ကျွန်ုပ်တို့ရဲ့ အိပ်မက်တွေ၊ အလို ဆန္ဒတွေနှင့် အကွဲကွဲ အလွဲလွဲပေါ့။ ဗုဒ္ဓဘာသာ အလေးထားတာက ကျွန်ုပ်တို့ရဲ့ လိုအင်ဆန္ဒတွေကို ပြုပြင် မွမ်းမံပြောင်းလဲဖို့ သင်ကြားပေးရေးပါပဲ။ ဒါမှလဲ ဖြစ်ပျက်နေတာတွေနှင့် ပဋိပက္ခဖြစ်ရမှု နည်းပါးစေနိုင်မယ်လေ။ ဖြစ်ပျက်နေတာတွေနှင့် ပဋိပက္ခဖြစ်ရတဲ့အခါမှာလည်း ဘယ်လို တည်တည်ငြိမ်ငြိမ် ရှိရမယ်၊ ဘယ်လို ရောင့်ရဲရမယ်ဆိုတာ သင်ပြဖို့ပဲ ဖြစ်ပါတယ်။

(မူရင်းကြည့်လိုပါက http://sdhammika.blogspot.com/2008/06/recent-tsunami-greatest-natural.html)
>>>Read more>>> >>